ပခုက္ကူ၊ မြိုင်နဲ့ ရေစကြိုမှာ ကျေးရွာ ၁၁ ရွာထက်မနည်း စစ်ဘေး တိမ်းရှောင်နေရ
စက်တင်ဘာ ၂၄
မကွေးတိုင်းအတွင်းက ပခုက္ကူ၊ မြိုင်နဲ့ ရေစကြိုမြို့နယ်တွေမှာ နလအတပ်တွေရဲ့ စစ်ကြောင်းထိုးတာကြောင့် ကျေးရွာ ၁၁ ရွာထက်မနည်း စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
ပခုက္ကူ တပ်မ (၁၀၁) ကတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့၊ မနက်ပိုင်းမှ စတင်ကာ အဲဒီ မြို့နယ်တွေအစပ်က ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ပခုက္ကူမြို့နယ်က မြောက်လူးကန်၊ မကြီးကန်၊ ကိုင်းရွာ၊ မြိုင်မြို့နယ်က ကျောက်ဖူး၊ ဝက်ကျ၊ နှောပင်၊ ကင်းရွာနဲ့ ရေစကြိုမြို့နယ်က ကွမ်းသီးကန်၊ ကျောက်ထပ်ရွာတွေ အပါအဝင် ကျေးရွာ ၁၁ ရွာထက်မနည်းက ဒေသခံ ၈၀၀၀ ဝန်းကျင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“လက်နက်ကြီး ပစ်ခတ်တာတွေလည်း ရှိနေတယ်။ နောက်တချက် လေကြောင်းရန်ကလည်း စိတ်မချရတဲ့ အခြေအနေ။ ဒါကြောင့် ဒေသခံတွေ မနေရဲကြတာ။ တချို့ကတော့ စက်တင်ဘာ ၂၂ ရက်နေ့၊ မနက်ပိုင်းကတည်းက ရှောင်သွားကြတာ။ တချို့ကတော့ အဲဒီနေ့ ညဘက်နဲ့ နောက်တနေ့ စက်တင်ဘာ ၂၃ ရက်၊ မနက်ပိုင်းမှာ ရှောင်ကြတယ်။ ရှောင်ကြတာကတော့ နီးစပ်ရာ တောတောင်တွေထဲကိုပါ” လို့ ကူညီပေးနေသူက ပြောပါတယ်။
မနေ့ စက်တင်ဘာ ၂၃ ရက်၊ မွန်းလွဲ ၃ နာရီကျော်ဝန်းကျင်ကလည်း မြိုင်မြို့နယ် အရှေ့တောင်ခြမ်း၊ နှောပင်ရွာရဲ့ အရှေ့တောင်ဘက် တောဘုန်းကြီးကျောင်း အနီးမှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သူက ပြောပါတယ်။
“ပခုက္ကူ တပ်မ (၁၀၁) ကနေ Paramotor နှစ်စီးနဲ့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။ မွန်းလွဲ ၃ နာရီ၊ ၁၁ မိနစ်လောက်မှာ တကြိမ်၊ ၃ နာရီ ၁၅ မိနစ်လောက်မှာ တကြိမ်ပါ။ လူအထိအခိုက်တော့ မရှိပါဘူး” လို့ သူက ပြောပါတယ်။
ဒါအပြင် ဒီကနေ့ စက်တင်ဘာ ၂၄ ရက်၊ မနက်အစောပိုင်း ၁၂ နာရီ ၅၂ မိနစ်ဝန်းကျင်မှာလည်း ပခုက္ကူမြို့နယ်၊ အင်ပင်ရွာမှာ ရောက်ရှိနေတဲ့ နလအစစ်ကြောင်းဟာ အဲဒီရွာကနေ အနောက်ဘက်ကို ဆက်လက် ထွက်ခွာလျက်ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်ရေးတင်းမာနေမှု အခြေအနေတွေအရ မြိုင်မြို့နယ်၊ ကင်းရွာ - ပခုက္ကူလမ်းပိုင်းကို ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက မနေ့ စက်တင်ဘာ ၂၃ ရက်မှ စတင်ကာ ရက်အကန့်အသတ်မရှိ ယာယီ ပိတ်ထားလိုက်ပြီ ဖြစ်တယ်လို့ ကြေညာထားပြီး ပြည်သူတွေအနေနဲ့ အကြောင်းမကြားဘဲ၊ ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်း သွားလာခြင်းတွေကို မပြုလုပ်ကြဖို့ အသိပေးထားပါတယ်။
ဒါအပြင် မကွေးတိုင်းအတွင်းက ငဖဲမြို့နယ်မှာလည်း နလအတပ်နဲ့ AA တပ်တွေကြား တိုက်ပွဲဖြစ်ပွားနေပြီး မနေ့ စက်တင်ဘာ ၂၃ ရက်၊ မနက် ၁၁ နာရီဝန်းကျင်မှာ အဲဒီမြို့နယ်ရှိ နတ်ရေကန် တောင်ကြောတဝိုက်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“တိုက်လေယာဥ် တစီး၊ Y-12 လေယာဥ် တစီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာပါ။ လူထိခိုက်၊ ဒဏ်ရာရအခြေအနေကတော့ ကျွန်တော်တို့ စုံစမ်းနေဆဲပါ။ နတ်ရေကန်တောင်မှာ နလအတပ်ရဲ့ ဗျူဟာစခန်းကြီးရှိတယ်လေ။ ဒါကို AA က ထိုးစစ်ဆင်နေတဲ့အတွက် နလအဘက်က လေကြောင်းကရော၊ မြေပြင်ကပါ ခုခံကာကွယ်နေတာ” လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီ နတ်ရေကန်စခန်းဟာ ရခိုင်နဲ့ မကွေးကို ချိတ်ဆက်ထားတဲ့ အမ်း - မင်းဘူး လမ်းပေါ်မှာတည်ရှိပြီး နှစ်ဖက်လုံးအတွက် စစ်ရေးအရ အရေးပါတဲ့နေရာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ရေး အခြေအနေတွေကြောင့် ငဖဲမြို့နယ်က ဘုံးဘော၊ စရံ၊ ပဘွေး၊ စွန်တက်၊ လင်းဒဲ၊ ဝက်စားကျင်း၊ ပဇီ၊ လိုင်ရွာ၊ နောင်ရွာ၊ တင်ပြင်း၊ ပဘဲ၊ ဝန်ရွာ၊ ဇင်ပြွန်း၊ မကျီးကုန်း စတဲ့ ကျေးရွာတွေက ဒေသခံ သုံးထောင်နီးပါး စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒါအပြင် အဲဒီ မကွေးတိုင်းအတွင်းမှာပဲ အထက်မင်းလှမြို့နယ်နဲ့ ပုသိမ် - မုံရွာ လမ်းပိုင်းမှာ နလအတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲ ဖြစ်ပွားနေပြီး ထိခိုက်သေဆုံးမှုတွေ များပြားလျက်ရှိတယ်လို့ သိရပါတယ်။
အထက်မင်းလှမြို့နယ်ဟာ နတ်ရေကန်တောင်ရဲ့ အောက်ဘက်မှာ တည်ရှိတာဖြစ်ပြီး ငဖဲမြို့နယ်ကတော့ နတ်ရေကန်တောင်ရဲ့ အပေါ်ဘက်မှာ တည်ရှိတာကြောင့် တိုက်ပွဲတွေ ဆက်စပ် ဖြစ်ပွားနေတာလို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
နလအတပ်ဟာ နတ်ရေကန်ဗျူဟာ၊ အမ်း - ပဒါန်းလမ်း အပါအဝင် ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီ၊ မကွေး၊ ပဲခူး စတဲ့ နယ်စပ်ဒေသတွေကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းပန်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၁၇) လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခြေမြန်တပ်ရင်း (ခမရ - ၅၂၀၊ ၅၆၉၊ ၅၇၄၊ ၅၇၅၊ ၅၇၇) နဲ့ ခြေလျင်တပ်ရင်း (ခလရ - ၂၉၅) တပ်ရင်းတွေကို အသုံးပြုပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
Photo - CJ
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး