ဓားခုတ်မှုကျုးလွန်ခဲ့သည့် ၉၉၉ ဂိုဏ်းခေါင်းဆောင်နှစ်ဦးကို လူသတ်ရန်ကြိုးပမ်းမှု အပါအဝင် ပြင်းထန်သော စွဲချက်များဖြင့် အရေးယူမည်ဟု ထိုင်းရဲတပ်ဖွဲ့ပြောဆို

စက်တင်ဘာ ၂၄

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆန်ကမ်ဖိုင်ရပ်ကွက်၌ စက်တင်ဘာလ ၁၆ ရက်၊ ညပိုင်းက ဓားခုတ်မှုကျုးလွန်ခဲ့သည့် ၉၉၉ ဂိုဏ်းခေါင်းဆောင် အိုက်တော့ပ် နှင့် စိုင်းအိုက်မောင် (ခေါ်) အမ် ဆိုသူတို့ကို လူသတ်ရန် ကြိုးပမ်းမှု အပါအဝင် ပြင်းထန်သော စွဲချက်များဖြင့် အရေးယူမည်ဖြစ်ကြောင်း ထိုင်း ရဲတပ်ဖွဲ့က ယနေ့ စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း ချင်းမိုင်သတင်းဖော်ပြမှုအရ သိရသည်။

အလားတူ ကျန်ပါဝင်သူများကိုလည်း ဝိုင်းဝန်းတိုက်ခိုက်မှု၊ ဓားပြအဖွဲ့အဖြစ် စုဝေးမှု၊ လက်နက်များ ကိုင်ဆောင်မှုများဖြင့် စွဲချက်တင် အရေးယူမည်ဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့ (၅) မှ ကော်မရှင်နာချုပ် ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးက ပြောကြားသည်။

အဆိုပါ ဓားခုတ်မှုကျုးလွန်ခဲ့သည့် ၉၉၉ ဂိုဏ်းတွင် ဆိုင်ကယ်အစီး ၂၀ နှင့် လူ ၃၀ ခန့်ပါဝင်ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က ဂိုဏ်းခေါင်းဆောင် အိုက်တော့ပ်နှင့် စိုင်းအိုက်မောင် (ခေါ်) အမ် ဆိုသူတို့အပါအဝင် မြန်မာနှင့်ရှမ်းလူငယ် အဖွဲ့ဝင် ၁၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ၁၂ ဦးကိုလည်း အမြန်ဆုံးဖမ်းဆီးနိုင်ရန် ခြေရာခံနေကြောင်း ချင်းမိုင်သတင်းက ဖော်ပြသည်။

ယင်း ၉၉၉ ဂိုဏ်းဝင် ရှမ်းနှင့်မြန်မာလူငယ်များသည် ချင်းမိုင်နှင့် ဘန်ကောက်တို့တွင် နေထိုင်ကြကာ အလုပ်သမားများအဖြစ် အလုပ်လုပ်ကိုင်ကြသူများဖြစ်ကြပြီး Line မှတဆင့် အုပ်စုဖွဲ့ ဆက်သွယ်၍ ပြစ်မှုများကျူးလွန်းခြင်းဖြစ်သည်ဟု ပေါ်ပေါက်ခဲ့သလို အဖွဲ့ဝင်အများစုသည် အနက်ရောင် သို့မဟုတ် ဟူဒီအင်္ကျီများ ဝတ်ဆင်ကြကြောင်းလည်း ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

#သတင်းဟင်းလေးအိုးကြီး

image