ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ပြင်သစ်ကလည်း ကြေညာ

နယူးယောက် ၊ စက်တင်ဘာ ၂၃

ပြင်သစ်ဟာ ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုကြောင်း သမ္မတ မက်ခရွန်က ကြေညာလိုက်ပြီး ဒီလိုအသိအမှတ်ပြုတဲ့ နောက်ဆုံးနိုင်ငံတနိုင်ငံဖြစ်လာပါတယ်။

“ငြိမ်းချမ်းရေးအတွက် အချိန်ကျလာပြီဖြစ်ပြီး ဂါဇာမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ဘယ်အရာမှ တရားမျှတမှု မရှိ” ကြောင်း သမ္မတ မက်ခရွန်က နယူးယောာက် ကုလသမဂ္ဂ ညီလာခံမှာ ပြောပါတယ်။

ပြင်သစ်နဲ့ ဆော်ဒီအာရေးဗီးယားတို့ဟာ ပါလက်စတိုင်းပြဿနာအတွက် နှစ်ပြည်ထောင် အစီအစဉ်ကို အဓိကဦးတည်တဲ့ တရက်တာ ထိပ်သီးအစည်းအဝေးကို နယူးယောက်မှာ ဦးဆောင်ပြုလုပ်နေပြီး ဂျီ-၇ အဖွဲ့ဝင်တွေထဲက ဂျာမနီ၊ အီတလီနဲ့ အမေရိကန်တို့ မတက်ရောက်ခဲ့ပါဘူး။

စစ်ပွဲကို ရပ်တန့်ဖို့နဲ့ ဟားမတ်စ်တို့ ထိန်းသိမ်းထားတဲ့ ကျန်ရှိနေတဲ့ အစ္စရေး ဓားစာခံတွေကို လွှတ်ပေးဖို့ အချိန်ကျလာပြီဖြစ်ကြောင်း ပြင်သစ်ခေါင်းဆောင်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောပါတယ်။ ဒါအပြင် သူသည် အဆုံးမဲ့စစ်ပွဲတွေရဲ့ အန္တရာယ်ကိုလည်း သူက သတိပေးပါတယ်။

နိုင်ငံတကာအသိုက်အဝန်းဟာ အရှေ့အလယ်ပိုင်းမှာ တရားမျှတပြီး ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ ပျက်ကွက်ခဲ့ကြောင်းနဲ့ နိုင်ငံနှစ်နိုင်ငံဖြေရှင်းချက်ရဲ့ ဖြစ်နိုင်ခြေကို လုပ်ဆောင်ရမယ်လို့ ပြင်သစ်သမ္မတက ဆိုပါတယ်။

ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud ကလည်း အိမ်ရှေ့မင်းသား Mohammed bin Salman ကိုယ်စား ကုလသမဂ္ဂကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒေသတွင်း ထာဝရငြိမ်းချမ်းရေး ရရှိဖို့ တခုတည်းသော နည်းလမ်းမှာ နှစ်ပြည်ထောင် ဖြေရှင်းချက်ဖြစ်ကြောင်း သူက ဆိုပါတယ်။

ယူကေ၊ ကနေဒါ၊ သြစတြေးလျနဲ့ ပေါ်တူဂီတို့က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုကြောင်း ကြေညာပြီးနောက် ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ မော်လ်တာ၊ အန်ဒိုရာနဲ့ ဆန်မာရီနိုတို့ကလည်း ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြုလိုက်ကြပါတယ်။

ဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ အနောက်ဘက်ကမ်းမှာ ဂျူးအခြေချနေထိုင်ရေး အဆောက်အအုံတွေနဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားတွေ မြင့်တက်လာနေပါတယ်။

ပါလက်စတိုင်း နိုင်ငံအဖြစ် အသိအမှတ်ပြုတာဟာ လူပေါင်း ၁၂၀၀ သေဆုံးပြီး ၂၅၁ ယောက် ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ အစ္စရေးတောင်ပိုင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကို ရှုတ်ချခြင်းမပြုဘဲ အားပေးအားမြှောက်ပြုတာလို့ အစ္စရေးက ဝေဖန်ပါတယ်။

ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေးအတွက် ပါလက်စတိုင်း ၆၅၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဂါဇာမှာ ဆိုးရွားတဲ့ လူသားချင်းစာနာမှု အကျပ်အတည်း ကျရောက်နေတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

Ref:BBC
Photo:Getty Images

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image