❝တရုတ်-မြန်မာ စီးပွားရေးနဲ့ ကုန်သွယ်မှုပိုမိုအားကောင်းစေရေးအတွက် ဆက်လက်မြှင့်တင်သွားမည်❞

စက်တင်ဘာ ၂၃

အန္တရာယ်ကင်းသော စားသောက်ကုန်များကို နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို တစ်ချိန်တည်းမှာပင် တရုတ်-မြန်မာ စီးပွားရေးနဲ့ ကုန်သွယ်မှုပိုမိုအားကောင်းစေရေးအတွက်လည်း ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက ပြောကြားသည်။

စက်တင်ဘာ ၁၉ ရက်နေ့က ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ နန်နင်းအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းစင်တာနှင့်ပြပွဲဗဟိုဌာန၌ ကျင်းပခဲ့သည့် တရုတ်-အာဆီယံဒေသတွင်း စီးပွားရေးနှင့် ဂေဟစနစ်အခြေပြုထုတ်ကုန် (PEOP) စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ဂုဏ်ပြုမိန့်ခွန်းပြောကြားစဥ် ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အလားတူ Eco-Origin Product ကို ကာကွယ်မြှင့်တင်ခြင်းမှာ အရေးကြီးကြောင်းနှင့် မြန်မာနိုင်ငံသည်လည်း ဂေဟစနစ်ကာကွယ်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ဇီဝမျိုးကွဲများကာကွယ်ခြင်းနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲခြင်းတို့ကို ရေရှည်ထည့်သွင်းစဉ်းစား၍ ပိုမိုကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများစွာရှိသည့် နိုင်ငံဖြစ်သဖြင့် နည်းပညာမျှဝေနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုဖိတ်ခေါ်လိုပါကြောင်း ပြောကြားခဲ့သလို China Entry-Exit Inspection & Quarantine Association (CIQA) မှ ယခုလို ဆွေးနွေးပွဲများ နှစ်စဉ်ကျင်းပပေးခြင်းအတွက်လည်း ထပ်မံဂုဏ်ပြုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ အခမ်းအနားသို့ CCPCC ၏ (၁၃) ကြိမ်မြောက် အမျိုးသားကော်မတီ၏ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်နှင့် CIQA ကျွမ်းကျင်ပညာရှင်အကြီးအကဲ Mr. Qu Fenghong၊ CIQA ဥက္ကဋ္ဌ Mr. Wang Xin၊ ကျွမ်းကျင်ပညာရှင်များ၊ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရကိုယ်စားလှယ်များနှင့် အခြားပါဝင်ပတ်သက်သူများ စုစုပေါင်း ဧည့်သည် ၂၀၀ ဝန်းကျင်ခန့် ပါဝင်တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

#သတင်းဟင်းလေးအိုးကြီး

imageimage