❝ထိုင်းတွင် ယာဥ်မောင်းအိပ်ငိုက်ပြီး ကားတိမ်းမှောက်ရာမှ လိုက်ပါလာသည့် မြန်မာအလုပ်သမား ၂ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ❞

စက်တင်ဘာ ၂၂

ထိုင်းနိုင်ငံ ၊ ပထုံဌာနီပြည်နယ်၌ မြန်မာအလုပ်သမားများလိုက်ပါလာသည့် ကားတစ်စီး တိမ်းမှောက်ကာ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်တစ်ခု ယနေ့ စက်တင်ဘာ ၂၂ ရက် နံနက် ၅ နာရီခွဲအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဖော်ပြမှုများအရ သိရသည်။

အဆိုပါဖြစ်စဥ်သည် ဆန်တီဆွတ်လမ်းဆုံအနီး ပထုံဌာနီ-ရန်ဆစ်လမ်းမပေါ်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းအိပ်ငိုက်ကာ လမ်းလယ်ကျွန်းကွန်ကရစ်တုံးပေါ်သို့ တက်ရောက်သွားပြီးနောက် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ယင်းကားပေါ်တွင် မြန်မာလုပ်သားများဖြစ်သော အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ လိုက်ပါလာခြင်းဖြစ်ပြီး ယာဥ်တိမ်မှောက်ချိန်တွင် ယာဉ်မောင်းနေရာ၌ အမျိုးသားတစ်ဦးနှင့် ရှေ့ခန်းထိုင်ခုံတွင် အမျိုးသမီးတစ်ဦးတို့ ကားအတွင်း ပိတ်မိနေကြသဖြင့် ကယ်ဆယ်ရေးသမားများက ကယ်ထုတ်ခဲ့ရသည်ဟု သတင်းများက ဖော်ပြသည်။

အလားတူ ဖြစ်ပွားရာနေရာတွင် ၂ ဦး သေဆုံးသွားကြောင်း သတင်းများက ဖော်ပြထားသော်လည်း ကျား၊ မ ခွဲခြားဖော်ပြထားခြင်းမရှိဘဲ ဒဏ်ရာရရှိသူ ၇ ဦးကို ပထုံဌာနီဆေးရုံနှင့် လတ်လုမ်ခဲရိုဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသာ ဖော်ပြထားပြီး အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးကာ တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image