11 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနယ်စပ်တွင် မြန်မာ ၁၁၃ ဦး ထပ်မံဖမ်းမိ
ထိုင်းနိုင်ငံ ကန်ချနဘူရီ ပြည်နယ် သောင်ဖာဖုမ်မြို့နယ်တွင် စက် တင်ဘာ ၁၆ ရက် နံနက်ပိုင်း၌ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၁၃ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
သောင်ဖာဖုမ်ခရိုင် အူးလောင်းဘုန်းကြီးကျောင်းအနီး စစ်ဆေးရေး ဂိတ်အနီးတွင် သံသယဖြစ်ဖွယ် ဗင်ကားသုံးစီးကို တွေ့ရှိခဲ့ပြီးယင်းကားများသည် ဆန်ခလာဘူရီခရိုင်မှ ကန်ချနဘူရီမြို့သို့ မောင်းနှင်လာခြင်းဖြစ်ရာ ရပ်တန့်စစ်ဆေးရန် အချက်ပြခဲ့ သော်လည်း ထွက်ပြေးခဲ့ကြောင်း သိရသည်။
ဗင်ကားသုံးစီးအနက် ထိုင်းလူမျိုးယာဉ်မောင်းနှစ်စီးကိုဖမ်းမိခဲ့ပြီး တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ ဗင်ကားသုံးစီးအတွင်း၌ မြန်မာနိုင်ငံသား ၁၁၃ ဦး(အမျိုးသား ၇၂ ဦးနှင့် အမျိုးသမီး ၄၁ ဦး) ကိုတွေ့ရှိခဲ့ပြီး ၎င်းတို့အားလုံးတွင် ခိုင်လုံသော ခရီးသွားလာခွင့်ဆိုင်ရာ စာရွက်စာတမ်းများမပါရှိသည့်အတွက် ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိသည့် ဗင်ကားသုံးစီး၊ ယာဉ်မောင်းနှစ်ဦးနှင့် မြန်မာနိုင်ငံသား ၁၁၃ ဦးအား သောင်ဖာဖုမ်ရဲစခန်းသို့ ဥပဒေအရ အရေးယူနိုင်ရန် လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
အဝေးပြေးလမ်းမရဲတပ်ဖွဲ့၏ စက်တင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်လာမွန်းမြို့နယ်ရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ပစ်ကပ်ကားတစ်စီး၏ အလုံပိတ်အခန်းတွင်း လိုက်ပါလာသည့် တရားမဝင် ဝင်ရောက်သော မြန်မာအလုပ်သမား ခုနစ်ဦးအား ဖမ်းမိခဲ့ကြောင်း သိရသည်။

image