ရုရှားနိုင်ငံ Rostechnadzor ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ၍ နျူကလီးယားဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

စက်တင်ဘာ ၁၇

ရုရှားနိုင်ငံ Rostechnadzor ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ (၆၉)ကြိမ်မြောက် အထွေထွေ ညီလာခံကျင်းပနေစဉ်ကာလအတွင်းဖြစ်သည့် စက်တင်ဘာ ၁၆ ရက်က ယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ တွေ့ဆုံ၍ နျူကလီးယားဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်ဟု မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုကို ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်းမှ ဦးဆောင်ကာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊အဏုမြူစွမ်းအင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိင်္ဂီမောင်မောင်နှင့်အတူ ရုရှားနိုင်ငံအစိုးရ၏ ပတ်ဝန်းကျင်၊ စက်မှုနှင့်နျူကလီးယားဆိုင်ရာအကြံပေးအဖွဲ့ (Federal Environmental, Industrial and Nuclear Supervision Service of Russia-Rostechnadzor) ဥက္ကဌ Mr. Alexander Trembitskiy ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

"အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရာတွင် နျူကလီးယားဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းရေးစည်းမျဉ်းဥပဒေနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာ" ကို မြန်မာနိုင်ငံ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရုရှားနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှင့် ရုရှားနိုင်ငံ Rostechnadzor တို့အကြား လက်မှတ် ရေးထိုးထားသည်။

ယခုဆွေးနွေးမှုသည် အဆိုပါ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာကို အကောင်အထည်ဖေါ်ရာတွင် နျူကလီးယားဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စအတွက် ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image