အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီလို ဗင်နီဇွဲလားပြော
ထပ်တလဲလဲ ရန်စမှုများရှိနေချိန် ဗင်နီဇွဲလားနှင့် အမေရိကန်နိုင်ငံတို့ကြား ဆက်ဆံရေးလမ်းကြောင်းများကို အမေရိကန်ဘက်က ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို က စက်တင်ဘာ ၁၅ ရက် ၌ ပြောကြားခဲ့သည်။

“အမေရိကန်အစိုးရနဲ့ ဆက်ဆံမှုတွေကို သူတို့ဘက်က ဖြတ်တောက်လိုက်ပြီဆိုတာကို ဒီကနေ့အသိပေး ကြေညာလိုက်ပါတယ်” ဟု ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကာရာကက်စ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မာဒူရို က ပြောကြားခဲ့သည်။

ထိုသို့ဆက်ဆံရေးပြိုကွဲခဲ့ခြင်းမှာ အမေရိကန်၏ ခြိမ်းခြောက်မှုနှင့် အကျပ်ကိုင်မှုများကြောင့် ဖြစ်ကြောင်း မာဒူရို က အပြစ်တင်ခဲ့သည်။အမေရိကန်ဘက်က ရန်စမှုများရှိနေသော်လည်း ဗင်နီဇွဲလားအနေဖြင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ခဲ့သည် ဟုလည်း မာဒူရို က အလေးအနက်ပြောကြားခဲ့သည်။

ဗင်နီဇွဲလားအနေဖြင့် လွန်ခဲ့သော သီတင်းပတ်ငါးပတ်တိုင်တိုင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသလို တစ်ချိန်တည်းတွင် တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်လည်း ကြိုးပမ်းလုပ်ဆောင်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

ဗင်နီဇွဲလားနိုင်ငံအနေဖြင့် နိုင်ငံရေး၊ သံတမန်ရေးနှင့် ဖြစ်နိုင်ဖွယ်ရှိသော စစ်ရေးအရ ကျူးကျော်ရန်စမှုများကို ကာကွယ်ရန် မိမိတို့၏ တရားဝင် အခွင့်အရေးများအား ကျင့်သုံးလျက်ရှိသည်ဟု မာဒူရို က ဖြည့်စွက်ပြောကြားခဲ့သည်။

image