◾️ဂါဇာတွင်လူမျိုးတုံးသုတ်သင်မှု အစ္စရေးကျူးလွန်ခဲ့ကြောင်း ကုလစုံစမ်းစစ်ဆေးရေးကော်မရှင်ပြော
ဂါဇာတွင် အစ္စရေးက လူမျိုးတုံးသုတ်သင်မှုကျူးလွန်ခဲ့ကြောင်း နှင့် ဝန်ကြီးချုပ် နေတန်ယာဟုအပါအဝင် အစ္စရေးတာဝန်ရှိသူများက ယင်းလုပ်ရပ်များ ဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်ခဲ့ကြသည်ဟု ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်က ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပြောကြားသည်။
လူမျိုးတုံးသုတ်သင်ဖြတ်မှုကျူးလွန်ခြင်းတွေ့ရှိချက် အထောက်အထားများအဖြစ် သုတ်သင်မှုအတိုင်းအတာ၊ အကူအညီများပိတ်ဆို့ထားခြင်း၊ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းခြင်းများ နှင့် သားဖွားဆေးခန်းတစ်ခုအား ဖျက်ဆီးပစ်ခြင်းတို့ကို ကော်မရှင်က ကိုးကားဖော်ပြခဲ့ပြီး ယင်းသို့ ကောက်ချက်ဆွဲထားသော လူ့အခွင့်အရေးအဖွဲ့များ နှင့် အခြားအဖွဲ့များ၏ ပြောကြားမှုများကိုအားဖြည့်ခဲ့သည်။
“ဂါဇာမှာ လူမျိုးတုံးသုတ်သင်မှု ဖြစ်ပေါ်နေပါတယ်။” ဟု သိမ်းပိုက်ခံပါလက်စတိုင်းဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အကြီးအကဲ နှင့် နိုင်ငံတကာရာဇဝတ်မှုခုံရုံး တရားသူကြီးဟောင်း မစ္စက်နာဗီပီလေး က ပြောကြားသည်။
“ ဒီလိုလူမဆန်တဲ့ပြစ်မှုတွေအတွက် အစ္စရေးရဲ့အမြင့်ဆုံးအာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်။ ဂါဇာက ပါလက်စတိုင်းအုပ်စုကို ဖျက်ဆီးပစ်ရေးဆိုတဲ့ တိကျတဲ့ ရည်ရွယ်ချက်နဲ့ လူမျိုးတုံးသတ်ဖြတ်မှုလှုပ်ရှားမှုကို သူတို့ စနစ်တကျလုပ်ဆောင်လာတာ အခုဆိုရင်နှစ်နှစ်နီးပါးရှိလာခဲ့ပါပြီ။” ဟု မစ္စက်နာဗီပီလေးက ပြောသည်။
ကော်မရှင်နှင့်ပူးပေါင်းဆောင်ရွက်ရေးကို အစ္စရေးက ငြင်းဆန်ခဲ့ပြီးကော်မရှင်သည် အစ္စရေးနိုင်ငံအား ဆန့်ကျင်သည့်နိုင်ငံရေးအစီအစဉ်တစ်ရပ် ရှိနေကြောင်း ဂျီနီဗာမြို့ကုလသမဂ္ဂရုံးမှ အစ္စရေးကိုယ်စားလှယ်အဖွဲ့ က ပြောသည်။
ကော်မရှင်၏ ၇၂ မျက်နှာပါ ဥပဒေအရ ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုသည် ယနေ့အချိန်အထိ ကုလသမဂ္ဂ၏တွေ့ရှိချက်များတွင် အခိုင်မာဆုံးဖြစ်သော်လည်း ကော်မရှင်မှာ အမှီအခိုကင်းပြီး ကုလသမဂ္ဂကိုလည်း ကိုယ်စားပြုပြောဆိုခြင်းမရှိ‌ပေ။
ကုလသမဂ္ဂကိုယ်တိုင်က လူမျိုးတုံးသုတ်သင်မှုဟု သုံးနှုန်းခြင်းမရှိသေးသော်လည်း ထိုသို့ သုံးနှုန်းရန် ဖိအားများ တစ်နေ့တစ်ခြားပိုများလာနေကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
အစ္စရေးသည် လက်ရှိတွင်လည်း သည်ဟေ့ဂ်မြို့ နိုင်ငံတကာတရားရုံး၌ လူမျိုးတုံးသတ်ဖြတ်မှု ဖြင့် အမှုရင်ဆိုင်နေရပြီး စွဲချက်များကိုငြင်းဆိုထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် က လူ ၁၂၀၀ ကို သတ်ဖြတ်ပြီး ၂၅၁ ဦးကို ပြန်ပေးဆွဲသွားခဲ့သော ဟားမားစ်တို့၏ လုပ်ရပ်အပေါ် မိမိကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ရှိကြောင်း ပြောကြားပြီး အစ္စ‌ရေးက စွပ်စွဲချက်များကို ငြင်းဆိုသည်။
သို့ရာတွင် ဂါဇာမှ နောက်ဆက်တွဲစစ်ပွဲကြောင့် ပါလက်စတိုင်းလူမျိုး ၆၄၀၀၀ ‌ကျော် သေဆုံးခဲ့ရပြီဖြစ်ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာန စာရင်းများက ပြသနေသည်။
ဂါဇာတွင်‌မှီတင်းနေထိုင်သူ အများစုက အကြိမ်ကြိမ်ပြောင်းရွှေ့နေထိုင်ခဲ့ရကာ ယင်းဒေသမှ နေအိမ် ၉၀ ရာခိုင်နှုန်းမှာလည်း လုံးဝပျက်စီး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည်ဟု ခန့်မှန်းထားသည်။
ကျန်းမာရေးစောင့်ရှောက်မှု ၊ သောက်ရေစနစ် ၊ သန့်ရှင်းရေးစနစ်များလည်း ပြိုလဲပျက်စီးသွားခဲ့ရကာ ဂါဇာစီးတီးတွင် ငတ်မွတ်မှုကပ်ဘေးဖြစ်ပေါ်နေကြောင်း ကုလထောက်ခံသော စားနပ်ရိက္ခာဖူလုံရေး ကျွမ်းကျင်သူများက ပြောကြားကြသည်။
ဂါဇာမှအခြေအနေများသည် ၁၉၉၄ ခုနှစ် က ရဝမ်ဒါနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော လူမျိုးတုံးသုတ်သင်မှုများနှင့် နှိုင်းယှဉ်နိုင်ကြောင်း ရဝမ်ဒါဆိုင်ရာ ကုလသမဂ္ဂခုံရုံးကိုလည်း ဦးဆောင်ခဲ့သည့် တောင်အာဖရိကတရားသူကြီး နာဗီပီလေးက မှတ်ချက်ပြုသည်။
“ရဝမ်ဒါလူမျိုးတုံးသတ်ဖြတ်မှုအချက်အလက်တွေကို ကြည့်ရင် ဒီအမှုနဲ့ အလွန်ပဲဆင်တူပါတယ်။ ကျူးလွန်ခံရသူတွေကို လူ့ဂုဏ်သိက္ခာမဲ့အောင် လုပ်ပစ်လိုက်တယ်။ သူတို့တွေကို တိရိစ္ဆာန်တွေလို သဘောထားပြီး သတ်ပစ်ကြတယ်။” ဟု တရားသူကြီး က ဆက်ပြောသည်။
မိမိတို့၏ အစီရင်ခံစာကြောင့် နိုင်ငံများ၏အဇ္ဈတ္တများ ပွင့်လင်းလာမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
#နိုင်ငံတကာသတင်း

image