ကုန်သေတ္တာတင် မော်တော်ယာဉ်ငှားရမ်းခများ တိုးမြှင့်ကောက်ခံ
ကုန်သေတ္တာတင်မော်တော်ယာဉ်များရဲ့ ယာဉ်အပိုပစ္စည်းကုန်ကျစရိတ်များကို အခြေခံ၍ငှားရမ်းခများကို နှုန်းထားအသစ် ပြင်ဆင်သတ်မှတ်ထားတယ်လို့ မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းထံမှ သိရပါတယ်။
လက်ရှိမှာ ခရီးစဉ်အကွာအဝေးပေါ်မူတည်ပြီး ကုန်သေတ္တာတင်မော်တော်ယာဉ် ငှားရမ်းခနှုန်းများကို ငွေကျပ် ၄၀,၀၀၀ မှ ငွေကျပ် ၁၀၀,၀၀၀ ကျော်အထိ တိုးမြှင့်ပြင်ဆင်ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယခုကဲ့သို့ တိုးမြှင့်ကောက်ခံရခြင်း မော်တော်ယာဉ်များ၏ တာယာ၊ ဘတ်ထရီ၊ အင်ဂျင်ဝိုင် စတဲ့ပြင်ဆင်စရိတ်များ နှင့် အာမခံနှုန်းထားများ မြင့်တက်လာကြောင်း အသင်းဝင်ယာဉ်ပိုင်ရှင်များ၊ ဂိတ်များမှ တင်ပြလာခြင်းကြောင့် တိုးမြှင့် ကောက်ခံခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်အသင်းက ဆိုထားပါတယ်။
ကုန်သေတ္တာတင် မော်တော်ယာဉ်ငှားရမ်းခ နှုန်းထားများမှာ အနီးဆုံးခရီးကို ယခင် ၂၄၅,၀၀၀ ကျပ်မှ ၂၉၀,၀၀၀ ကျပ်၊ ခရီးအလတ် ငှားရမ်းခမှာ ၃၁၁,၀၀၀ ကျပ်မှ ၃၈၀,၀၀၀ ကျပ်၊ ပဲခူးတိုင်းဒေသကြီးကို ၄၄၂,၀၀၀ ကျပ်မှ ၅၆၅,၀၀၀ ကျပ်သို့ အသီးသီး တိုးမြှင့်ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။
