#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပေကျင်း ရှင်းရှန် နှစ်စဉ်နိုင်ငံတကာလုံခြုံရေးဖိုရမ် တရုတ်အစိုးရ ကျင်းပမည်
တရုတ်နိုင်ငံသည် ၎င်း၏မဟာဗျုဟာမြောက် သံခင်းတမန်ခင်းလုပ်ငန်းစဉ်ကို မြှင့်တင်သည့်အနေဖြင့် ယခုသီတင်းပတ်အတွင်း နှစ်စဉ်ကျင်းပမြဲ နိုင်ငံတကာလုံခြုံရေးဖိုရမ်တစ်ခုကို ကျင်းပမည် ဖြစ်ကြောင်း စက်တင်ဘာ ၁၅ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
ပေကျင်းရှင်းရှန်အမည်ရှိ အဆိုပါ နိုင်ငံတကာလုံခြုံရေးဖိုရမ်ကို ပေကျင်းမြို့တော်၌ စက်တင်ဘာ ၁၇ ရက်မှစ၍ သုံးရက်တိုင်တိုင် ကျင်းပရန် တရုတ်အစိုးရကစီစဉ်ထားသည်။
ယခုနှစ် ပေကျင်းရှင်းရှန်နိုင်ငံတကာလုံခြုံရေးဖိုရမ်ကို နိုင်ငံပေါင်း ၁ဝဝတို့မှ အစိုးရတာဝန်ရှိသူများ၊ စစ်ခေါင်းဆောင်များနှင့်ကျွမ်းကျင်ပညာရှင်များ အပါအဝင် ကိုယ်စားလှယ် ၁၈ဝဝ ခန့် တက်ရောက်မည်ဖြစ်ကြောင်း တရုတ်အစိုးရမီဒီယာများက သတင်းထုတ်ပြန်ထားသည်။
ပေကျင်းရှင်းရှန်နိုင်ငံတကာလုံခြုံရေးဖိုရမ်၌ တရုတ်တာဝန်ရှိသူများအနေဖြင့် သမ္မတရှီကျင်ပင်း၏ နိုင်ငံတကာခင်းကျင်းဖွဲ့စည်းပုံဆိုင်ရာ သဘောထားရပ်တည်ချက်ကို တင်သွင်းဆွေးနွေးဖွယ်ရှိကြောင်း ပြည်ပသံတမန်များနှင့်လုံခြုံရေးဆန်းစစ်သူများက မျှော်လင့်ထားသည်။
ပေကျင်းရှင်းရှန်နိုင်ငံတကာလုံခြုံရေးဖိုရမ်ကို တက်ရောက်မည့်နိုင်ငံများထဲတွင် ရုရှား၊ ပြင်သစ်၊ဘရာဇီး၊ နိုင်ဂျီးရီးယား၊ စင်ကာပူနှင့်ဗီယက်နမ်နိုင်ငံ တို့လည်း ပါဝင်ကြောင်းသိရသည်။
အဆိုပါဖိုရမ်သည် တရုတ်နိုင်ငံ၏ စစ်ရေး နည်းပညာသစ်များနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များပေးနိုင်မည့် ဖိုရမ်ဖြစ်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။
ရိုက်တာ
