လေထုရှိနိုင်ကြောင်း အချက်အလက်ရလာတဲ့ နေအဖွဲ့အစည်းပြင်ပဂြိုဟ် "Trappist-1 E"
ကမ္ဘာနဲ့ အလင်းနှစ် ၄၁ နှစ်ခန့်ကွာဝေးတဲ့ Trappist-1 system ထဲက Trappist-1E လို့အမည်ပေးထားတဲ့ ဂြိုလ်တစ်ခုမှာ Atmosphere လို့ခေါ်တဲ့ လေထုရှိနိုင်ကြောင်း အထောက်အထားတစ်ချို့တွေ့ခဲ့ရတယ်လို့ JWST တယ်လီစကုတ်က ရရှိတဲ့ ဒေတာတွေ အရ သိခဲ့ရပြီဖြစ်ပါတယ်။
ဒါ့အပြင် Trappist-1E ဂြိုဟ်ဟာ ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်တွေလိုမျိုး မြေစိုင်မြေသားများနဲ့ ဖွဲ့စည်းထားပြီးတော့ Trappist-1 system အတွင်းက သက်ရှိဖြစ်ပေါ်နိုင်ဖို့ အလားအလာ ရှိတဲ့ Habitable zone အတွင်းမှာ တည်ရှိနေတာပဲဖြစ်ပါတယ်။
Habitable zone ဆိုတာ နေအဖွဲ့အစည်းတစ်ခုအတွင်းမှာ မိခင်နေ နဲ့ အကွာအဝေး မနီးလွန်းမဝေးလွန်းတည်ရှိပြီး အပူချိန် မျှတတဲ့အတွက် လေထုနဲ့အတူ ရေမော်လီကျူးများ(H²O)ဟာ အရည်အဖြစ်တည်ရှိနေနိုင်တာကြောင့် သက်ရှိဖြစ်ပေါ်နိုင်ဖို့ အလားအလာအလွန်ကောင်းတဲ့ သတ်မှတ်နေရာတစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်းအတွင်းမှာ လည်း Venus / Earth/ Mars တို့ဟာ သမမျှတဇုံအတွင်းမှာတည်ရှိနေပြီးဒီဂြိုဟ်တွေဟာ ရေ၊မြေ၊လေ တို့နဲ့ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။
Trappist-1 အဖွဲ့အစည်းမှာ ကမ္ဘာဂြိုဟ်နဲ့ အရွယ်တူ ကျောက်သားဂြိုဟ် Exoplanet ၇လုံးနဲ့ဖွဲ့စည်းထားပြီး ဒီဂြိုလ်တွေရဲ့ မိခင်ကြယ်(နေ) ဟာ Red dwarf လို့ခေါ်တဲ့ ကြယ်နီအမျိုးအစားဖြစ်တာကြောင့် နေထက်ပိုသေးပြီး အပူချိန်တစ်ဝက်ခန့် သာပူပြင်းတာမို့ Habitable zone လို့ ခေါ်တဲ့ သမမျှတဇုံများဟာ မိခင်ကြယ်နဲ့ ပိုမိုနီးကပ်စွာတည်ရှိနိုင်ပါတယ်။
ဒီဂြိုဟ်ခုနှစ်လုံးထဲကမှ Trappist-1D,E,F သုံးလုံးဟာ သမမျှတဇုံအတွင်းမှာတည်ရှိနေပြီး Trappist-1 E မှာ တော့ လေထုပါရှိနိုင်ကြောင်း အထောက်အထားများရရှိလာတာပဲဖြစ်ပါတယ်။
ဒါပေမယ့် သမမျှတဇုန် အတွင်းမှာ တည်ရှိနေတိုင်း သက်ရှိများဖြစ်တည်နိုင်မယ်လို့တော့ အတပ်မပြောနိုင်ပါဘူး။
ကမ္ဘာနဲ့ အလားတူ သမမျှတဇုန်အတွင်းမှာတည်ရှိနေတဲ့ သောကြာဂြိုလ်ဟာ သူရဲ့လေထုမှာ CO²နဲ့ Sulphur dioxide များတည်ရှိမှုများပြားလွန်းတာကြောင့် နေအဖွဲ့အစည်းအတွင်းက အပူဆုံးဂြိုဟ်အဖြစ်တည်ရှိနေပြီး သက်ရှိရှင်သန်နိုင်ဖို့ အလားအလာအလွန်နည်းပါးတဲ့သက်သေများကြောင့် Trappist-1 E အတွက်လည်းဆက်လက်လေ့လာမှုများကိုပြုလုပ်ရဦးမှာဖြစ်ပါတယ်။
ယခုလောလောဆယ်လေ့လာချက်တွေအရ Trappist-1 E ရဲ့လေထုဟာ Nitrogen နဲ့ methane ပါဝင်နိုင်မှုရှိနေပြီး နေအဖွဲ့အစည်းအတွင်းက စနေဂြိုလ်ရဲ့ အရံလတစ်စင်းဖြစ်တဲ့ Titanရဲ့လေထုနဲ့ အနီးကပ်ဆုံးတူညီမှုရှိနိုင်ကြောင်း ခန့်မှန်းထားကြပါတယ်။
JWST တယ်လီစကုတ်ကို အသုံးပြုပြီး NASA နဲ့ မိတ်ဖက်အဖွဲ့အစည်းများမှ Trappist-1E ဂြိုလ်ကို လာမယ့်နှစ်နှစ်အတွင်း ပိုမို တိကျသေချာတဲ့ အချက်အလက်များစုဆောင်းသွားမှာဖြစ်ပြီး ဒီအချက်အလက်တွေစုံလင်ခဲ့ရင်တော့ Trappist-1E ဂြိုဟ်ဟာ သက်ရှိတွေဖြစ်ပေါ်နိုင်မယ့် ဂြိုဟ်တစ်ခုလားဆိုတဲ့ တိကျသေချာတဲ့ အဖြေတစ်ခုကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက တရုတ်နိုင်ငံမှ ပညာရှင်များပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ Trappist-1E ကို ရေဒီယိုလှိုင်းများထုတ်လွှင်ပြီး သက်ရှိများဖြစ်တည်မှူရှိမရှိကို ထောက်လှန်းခဲ့ပါသေးတယ်။
