အောင်ပန်း ကလေးတစ်ဦး ချောင်းထဲဆင်း ရေကူး၊ ရေနစ်သေဆုံး
နန်းခမ်းကူ၊၂၀၂၅ စက်တင်ဘာလ ၁၅ ရက်
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ရွာသစ်ရပ်ကွက်တွင်နေထိုင်သည် အသက် ၁၅ နှစ်အရွယ်ယောင်္ကျားလေးတစ်ဉီးသည် အိုင်းယားချောင်းထဲ ရေဆင်းကူးနေစဉ် ရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ( စက်တင်ဘာလ ၁၄) ရက်တွင် သေဆုံးသူ မောင်သော်သော်လင်းနှင့် သူ့၏သူငယ်ချင်းနှစ်ဉီးသည် အောင်ပန်းမြို့ရှိ အိုင်းယားချောင်းသို့ ရေဆင်းကူးနေကြစဉ် ရုတ်တရက် ရေစီးသန်လာသဖြင့် မောင်သော်သော်လင်းသည် ရေစီးထဲမျောပါသွားပြီး ရေနစ်သွားကြောင်း သိရသည်။
ရေနစ်သွားသည့် မောင်သော်သော်လင်း၏ ရုပ်အလောင်းကို ယနေ့ (စက်တင်ဘာ ၁၅)ရက် မနက်ပိုင်းတွင် ပြန်တွေ့ခဲ့သည်။
“ မနေ့က ကလေးတစ်ဉီး အိုင်းယားချောင်းထဲမှာ ရေနစ်သွားတယ်ဆိုပြီး ပြောလာတယ်။ သွားရှာတာ မတွေ့ဘူး။ ဒီမနက် မှာ သူရေနစ်တဲ့နေရာနားက သစ်ပင်အောက်ခြေမှာ သစ်ပင်ကို ဖက်ပြီး သေနေတာတွေ့တယ်” ဟု အောင်ပန်းမြို့ နာရေးကူညီမှု အသင်းမှ အဖွဲ့ဝင် တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
ယခုကဲ့သို့ မိုးတွင်းကာလ ရေစီးသန်ချိန်တွင် ကလေးငယ်များ ရေချောင်းထဲသို့ သွားရောက်မဆော့ကြရန် မိဘများအနေဖြင့် တားမြစ်သင့်ကြောင်းလည်း အောင်ပန်း ဒေသခံအမျိုးသားတစ်ဉီးက ပြောသည်။
“ ဒီလိုရာသီချိန်က ရေစီးသန်ချိန်ဖြစ်တယ်။ ချောင်းထဲရေမဆော့ဖို့ အထူးပြောချင်တယ်။ မိဘတွေလည်း ကလေးတွေကို ဂရုစိုက် တားမြစ်ထားသင့်တယ်”ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနစ် စက်တင်ဘာ ၁၄ရက်တွင်လည်း အောင်ပန်းမြို့တွင် မိုးသည်းထန်ရွာသွန်းပြီး တောင်ကျရေကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ ကလေးငယ်တစ်ဉီးနှင့် အသက် ၂၂အရွယ် အမျိုးသားတစ်ဉီး သေဆုံးမှုဖြစ်ပွားခဲ့သည်။
