မြိုင် - ဗန်းမော်တင်အောင်
"မြိုင်ဟာ နိဌိတံခဲ့ပါပြီ"
ဆရာဗန်းမော်တင်အောင်ရဲ့ ထောင်ကျနေခိုက် ဖန်တီးထားသော ဝတ္ထုရှည်ကြီးတစ်ပုဒ်ဖြစ်ပါတယ်။
မြိုင်ဟာ တကယ်တော့ ပင်မြင့်စံပန်းတစ်ပွင့်နဲ့ အလားသဏ္ဍာန်တူတယ်ရှင့်။ ကျွန်မကတော့မြိုင့်ကို ရွှေလင်ပန်းနဲ့ အချင်းဆေး မင်းမွေးတဲ့သမီးရယ်လို့ တင်စားလိုက်မယ်ရှင်...။
စက်ရှင်တရားသူကြီး ဦးထွန်းမင်း၏ သမီး၊ ဝတ်လုံတော်ရ ဦးဇော်ဝင်း၏ နှမဖြစ်သူ 'မြိုင်'ဟာ ဆိုရင်ဖြင့် "လောကကြီးမှာ လူရယ်လို့ဖြစ်လာပြီးတဲ့နောက်မှာ ကိုယ့်သဘောနဲ့ကိုယ် လူလုပ်ရတာဟာ အကောင်းဆုံးနဲ့ ပျော်စရာအကောင်းဆုံး" ဆိုတဲ့စကားအတိုင်း အမျိုးအမည် မထင်ရှားတဲ့ ကိုတင်ဦးနဲ့ အချစ်ခရီးလမ်းစတင်တယ်။
အချစ်ဆိုတာ ဘယ်ကစပါသလဲရှင်?
ကျွန်မဖြေရရင် အထင်ကြီးခြင်းက စတယ်ရှင့်။ (ဖြေကြည့်ပါ ကျွန်မသိချင်တာအမှန်ပါ)
ကိုတင်ဦးဟာ မြိုင်အထင်ကြီးလောက်အောင် ဥစ္စာဓနကြွယ်ဝသူမဟုတ်၊ ရုပ်ရည်ရူပကာ သားနားလွန်းသူမဟုတ်၊ ပညာရည်မှာလည်း အဲ့လောက်မဟုတ်ပါဘဲလျက် ချစ်ကြိုက်မိတာ ဘာကြောင့်လဲဆို သူ့ရဲ့ပီယာနိုအတီးကောင်းမွန်မှု နဲ့ ဖြောင့်မတ်တည်ကြည်မှုကြောင့်ပါပေ။ (ပုဂ္ဂလိကသုံးသပ်ချက်)
အချစ်ရဲ့ကပ်လျက်မှာ လက်ထပ်ခြင်းဟာ တစ်ဆက်တည်း ဖြစ်လင့်ကစား ကိုတင်ဦးကို ဘဝလက်တွဲဖော် ပြုမတဲ့။ သူမှာလည်း သဘောတူထားတဲ့ ကိုသက်တင်ရှိလျက်နဲ့။ (မလွယ်လောက်ဘူးနော်)
မြိုင်ဆိုတဲ့အမျိုးသမီး ဘာကြောင့် ဒုက္ခတွင်းထဲခုန်ဆင်းပ။( မချစ်မနှစ်သက်သောသူနဲ့ ပေါင်းသင်းရချင်းဟာလည်း ဆင်းရဲခြင်းတစ်မျိုးမဟုတ်ပါလား။) ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေရတဲ့ ရွှေပေါ်မြတင် အမျိုးသမီးဟာ သာမန်လူနေမှုဘဝထဲ သူမ နေနိုင်ပါ့မလား။ ကျွန်မလေ တွေးပူမိတာပေါ့။ မြိုင်ကတော့ ဒါတွေတွေးမိပေါင်။
ဆရာလည်း စကားတန်ဆာဆင်မှုတွေ ကောင်းလွန်းတော့ ပြီးခါနီးလေ လက်ကမချချင်လေ ဖြစ်ရတာပေါ့။ ဝတ္ထုအစမှာ ကဗျာတွေစာတွေ နိုင်ငံရေးအရေးတွေနဲ့ ဝေဝေဆာဆာရေးထားလိုက်တာ ကျွန်မဖြင့် ပျင်းကရော။ ကျေးဇူးတင်ရပါတယ် စာပေgroup တစ်ခု စာပေမောင်နှမတွေက ဆက်ဖတ်ဖို့တိုက်တွန်း ဖတ်ကြည့်ကာမှ စာအုပ်ရဲ့ အနှစ်တွေကို ခံစားရတာဗျို့။ ( ကျေးဇူးအထူးတင်ပါတယ် 🙏)
မြိုင့်ကိုလေ ကျွန်မ မေးမေးပြီးကိုရိုက်ချင်တာရယ်။ မိဘမောင်ဖွား ဆွေတော်ရှစ်သောင်းမျိုးတော်အပေါင်း တားနေရဲ့ကြားက ကိုတင်ဦးကို ရွေးခဲ့တယ်။ ပြီး အခုမှ ကိုတင်ဦးဆီမပျော်ပါဘူးရယ်တဲ့။ "မမမြိုင်ရေ ယောကျ်ားတွေက လှေကားသုံးထစ်ဆင်းရင် လူပျိုဖြစ်ရဲ့ရှင့်။ မမမြိုင်ကတော့ မဖြစ်နိုင်ဘူးဆိုတာ မေ့လျော့သလား"
ကိုတင်ဦးက အရက်တွေမူးပြီး ရိုက်နှက်နေလို့လား။ ဒါမှမဟုတ် အငယ်အနှောင်းထားနေလို့လား။ ဒါမှမဟုတ် မမမြိုင်ကို သားမှတ်မယားမှတ်မထားနိုင်လို့လား။ ပြောပါ။
ကိုတင်ဦးအပြစ်ကင်းလား???
မကင်းပါဘူးရှင် သိပါရဲ့။ ဒါပေမဲ့ ဒါပေမဲ့ပေါ့ရှင်။ အိမ်ထောင်တစ်ခုမှာ နားလည်မှုထားဖို့ကောင်းရဲ့ ခုတော့ လုပ်ချင်တာကို လုပ်ချင်သလိုလုပ်ခဲ့တာပဲ။ တာဝန်ယူမှုနည်းပရှင်။
ကိုသက်တင်ဆိုတဲ့ အထက်တန်းစား ဂုဏ်သရေရှိ အမျိုးကောင်းသားကြီးလည်း သွားလေရာခလုတ်မထိစူးမငြိပါစေနဲ့တော်။
မောင်မောင်လတ်ခေါ် မိန်းမကိုပစ်လို့ ကလေးနဲ့မအေကိုခွဲပြီး
တစ်အိုးတစ်အိမ်ထူထောင်လိုက်တဲ့ မောင်မင်းကြီးသားလည်း ကျန်းမာပါစေရှင်။
ကျက်သရေအဖြာဖြာတုံးပါတဲ့ ဒင်းတို့နှစ်ယောက်ကို ထောမနာပြုရပါသေးရှင်။
(မယ်နှင်းယုလေးက မေတ္တာရှင်မလေးလေ သိတယ်မဟုတ်လား 🙂)
အထက်တန်းလွှာက လူမှုရေးဖောက်ပြန်မှုတွေ၊ အော့နှလုံးနာစရာ မတရားမှုတွေ၊ ငွေရှိရင်ပြည့်စုံတယ်ထင်တဲ့သူတွေ အော်စုံလိုစုံလို့ပါပဲရှင် ဒါတွေကို အခုစာအုပ်ထဲ အပြည့်အစုံဖတ်ရင်း မုန်းမိတယ်ရှင်။
ပြီး အောက်ခြေအလွှာက အလုပ်သမားတွေရဲ့ဘဝ ၊နှစ်ဖက်ကြားက မြေစာပင်ဘဝတွေကိုဖတ်ပြီး ကရုဏာသက်ရပါတယ်။ အဖြူအမည်းသဲကွဲအောင် ရေးနိုင်တဲ့ဆရာကို ချီးကျူးပါတယ်ရှင်။
ဇာတ်သိမ်းက ရုပ်ရှင်ဆန်တယ်။ ဝတ္ထုဖတ်ပြီး ရယ်လိုက် ငိုလိုက် ကြိတ်မုန်းလိုက် နိုင်ငံရေးတွေတွေးလိုက်နဲ့ လူလည်း ချာချာကိုလည်ရောပါပဲ။ မြိုင်ဖတ်ရတာ တန်ပါတယ်....။ ကျေနပ်တယ်။
မြိုင်ဟာ မ၅လံုးထဲမှာ ကံအကောင်းဆုံးမိန်းကလေးပါပေ။
ဖတ်ကြည့်ဖို့တိုက်တွန်းပါတယ်။
ကျွန်မမယ်နှင်းယုပါ။
#ပန်းသွေးယု

