နေအိမ်ပတ်ဝန်းကျင်လေးက သင်းပျံ့မွှေးကြိုင်နေမှ စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်းစေတယ်ဟုတ်? အနံ့အသက်ဆိုးတွေက မိမိတို့ရဲ့ စိတ်ခံစားချက်ကို ညစ်နွမ်းစေတာမို့ အိမ်တွင်းပတ်ဝန်းကျင်လေးကို အမြဲတမ်း သင်းပျံ့နေအောင် ဖန်တီးပေးဖို့ လိုအပ်ပါတယ်။
ဓာတုပစ္စည်းတွေမပါဘဲ သဘာဝအတိုင်း ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ မွှေးရနံ့ဖန်တီးနည်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ဘေးထွက်ဆိုးကျိုးကင်းပြီး ကျန်းမာရေးအတွက်လည်း စိတ်ပူစရာမလိုပါဘူးနော်။ ကဲ... ဘယ်လိုရနံ့လေးတွေ ဖန်တီးလို့ရမလဲ ကြည့်လိုက်ရအောင်။
၁။ ပန်းသီး၊ သစ်ကြမ်းပိုးခေါက်နှင့် နာနတ်ပွင့်
နွေးထွေးပြီး အေးချမ်းတဲ့ရနံ့ကို ကြိုက်နှစ်သက်သူတွေအတွက်ပါ။ ပန်းသီးတစ်လုံးကို ပါးပါးလှီးပြီး ဖန်ပုလင်းထဲထည့်ပါ။ ရေအနည်းငယ်ဖြည့်ကာ သစ်ကြမ်းပိုးခေါက်အချောင်းလေးတွေနဲ့ နာနတ်ပွင့်အနည်းငယ်ထည့်ပါ။ ဒီရနံ့လေးက သင့်အိမ်ကို နွေးထွေးတဲ့ ချိုမြိန်သောရနံ့လေးတွေနဲ့ ပြည့်နှက်သွားစေမှာပါ။
၂။ သံပုယိုသီး၊ သံပုရာသီး၊ Rosemary အရွက်နှင့် ဗနီလာ
လန်းဆန်းပြီး စိတ်ကြည်လင်စေတဲ့ ရနံ့ကို လိုချင်တယ်ဆိုရင်တော့ သံပုယိုသီးနဲ့ သံပုရာသီးတို့ကို အကွင်းလိုက်ပါးပါးလှီးပြီး ဖန်ပုလင်းထဲထည့်ပါ။ ရေအနည်းငယ်၊ ဗနီလာ ၂ စက်ခန့်နဲ့ Rosemary အရွက်လေးတွေ ပေါင်းစပ်လိုက်ပါ။ ဒီအနံ့လေးက သင့်စိတ်ကို လန်းဆန်းတက်ကြွစေမှာ သေချာပါတယ်။
၃။ သံပုယိုသီးနှင့် ပင်စိမ်းရွက်
သန့်ရှင်းသပ်ရပ်ပြီး လတ်ဆတ်တဲ့ရနံ့ကို နှစ်သက်သူတွေအတွက်ပါ။ သံပုယိုသီးကို အဝိုင်းလိုက် ပါးပါးလှီးပြီး ရေထည့်ထားတဲ့ ဖန်ပုလင်းထဲထည့်ပါ။ ပင်စိမ်းရွက်နဲ့ Thyme ရွက် (ခြောက်လည်းရပါတယ်) ပေါင်းစပ်ပေးလိုက်တာနဲ့ သင့်ပတ်ဝန်းကျင်လေးက သန့်စင်လန်းဆန်းသွားပါလိမ့်မယ်။
၄။ ကမ္ဗလာသီးနှင့် ဂျင်း
လန်းဆန်းအားပြည့်စေပြီး အနည်းငယ်စူးရှတဲ့ ရနံ့ကို နှစ်သက်သူတွေအတွက်ပါ။ ကမ္ဗလာသီးကို အကွင်းလိုက် ပါးပါးလှီးပြီး ဖန်ပုလင်းထဲထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး ပါးပါးလှီးထားတဲ့ ဂျင်းနဲ့ အယ်လ်မွန်ဆီ ၃-၄ စက်ခန့် ပေါင်းထည့်လိုက်ပါ။ သံပုယိုသီးအကွင်းအနည်းငယ် ထပ်ထည့်ပေးရင်တော့ ရနံ့က ပိုမွှေးပျံ့လာမှာပါ။
၅။ သခွားသီး၊ ပင်စိမ်းရွက်နှင့် စပါးလင်
စူးရှပြီး စိတ်ကိုကြည်လင်စေတဲ့ အနံ့အသက်ကို ကြိုက်နှစ်သက်သူတွေအတွက် သခွားသီးကို ပါးပါးလှီးပြီး ရေထည့်ထားတဲ့ ဖန်ပုလင်းထဲထည့်ပါ။ ပင်စိမ်းရွက်နဲ့ သဘာဝစပါးလင်ဆီ အနည်းငယ်ထည့်လိုက်တာနဲ့ အိပ်ပျော်ရန်ခက်ခဲသူတွေနဲ့ စိတ်ဖိစီးမှုများသူတွေအတွက် စိတ်ကိုဖြေလျှော့ပေးတဲ့ အနံ့လေးဖြစ်ပါတယ်။
ဒီလို ဖန်တီးထားတဲ့ သဘာဝမွှေးရနံ့ ပုလင်းလေးတွေကို အိမ်ရဲ့ထောင့်တစ်နေရာစီမှာ ဒါမှမဟုတ် ဧည့်ခန်း၊ အိပ်ခန်း၊ ရေချိုးခန်း စတဲ့ နေရာတွေမှာ ထားရှိပေးရုံနဲ့ သင့်အိမ်လေးတစ်ခုလုံးကို မွှေးကြိုင်သင်းပျံ့တဲ့ ပတ်ဝန်းကျင်လေးအဖြစ် ဖန်တီးပေးနိုင်မှာပဲဖြစ်ပါတယ်။ ဓာတုပစ္စည်းကင်းစင်ပြီး သဘာဝအတိုင်း မွှေးပျံ့တဲ့ နေအိမ်လေးမှာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

image