❝နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော နှင့် CPC ပါတီအတွင်းရေးမှူးတို့ နန်နင်းမြို့၌တွေ့ဆုံ၍ ချစ်ကြည်ရေးညီအစ်မမြို့များ တည်ထောင်ပြီး ကဏ္ဍစုံကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး❞
စက်တင်ဘာ ၁၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော နှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ CPC ပါတီအတွင်းရေးမှူး မစ္စတာ ချန်ကန်း တို့ စက်တင်ဘာ ၁၄ ရက်၊ ညနေပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ လိယွမ်နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။
အဆိုပါ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ်တက်ရောက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော နှင့် CPC ပါတီအတွင်းရေးမှူးတို့ တွေ့ဆုံစဉ် ချစ်ကြည်ရေးညီအစ်မမြို့များ တည်ထောင်၍ မြို့နှစ်မြို့သာမက နှစ်နိုင်ငံကဏ္ဍစုံကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပိုမိုမြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြသလို လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့်နည်းပညာများ ဖြန့်ဝေပေးနိုင်ရေးနှင့် ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထို့အတူ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ CPC ပါတီအတွင်းရေးမှူးနှင့်အတူ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး မစ္စတာဝေတောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားနှင့် တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
#centralnewsnaypyitaw
