ဧရာဝတီတိုင်း စပါးခင်းတွေမှာ ရွှေခရုကျရောက်မှုကြောင့် စပါးဧကသောင်ချီပျက်စီး
စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းမှာ တောင်သူတွေစိုက်ပျိုးထားတဲ့ မိုးစပါးခင်းတွေထဲကို စပါးအပင်ဖျက် ရွှေခရုတွေကျရောက်ပြီး စပါးဧက သောင်းချီပျက်စီးမှုဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
သြဂုတ်လ တတိယအပတ်နဲ့ စက်တင်ဘာလ ပထမအပတ်အတွင်း ဧရာဝတီတိုင်းက သာပေါင်း၊ ဝါးခယ်မ၊ ညောင်တုန်း၊ အင်္ဂပူ၊ လေးမျက်နှာ၊ မအူပင်၊ အိမ်မဲ၊ ပန်းတနော်၊ မြောင်းမြ ၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး စတဲ့မြို့နယ်တွေက တောင်သူတွေ စိုက်ပျိုးထားတဲ့ မိုးစပါးခင်းတွေမှာ အများဆုံးကျရောက်နေတာဖြစ်ပြီး ဧရာဝတီ တိုင်းတတိုင်းလုံးမှာ စပါး ဧက ၂သောင်းကျော်အထိ ပျက်စီးမှုဖြစ်ပေါ်ခဲ့
တယ်လို့ သိရပါတယ်။
" တကြိမ်မက နှစ်ကြိမ်မက ရွှေခရုတွေက ကိုက်ဖျက်တာ။ အပင်ငုတ်ကလေးတွေပဲကျန်တော့တဲ့အထိဖြစ်တာ။ ရွှေခရုဥနှုန်းကလည်း အရမ်းမြန်တယ်။ လယ်ဧကနည်းတဲ့ တောင်သူတွေဆိုဘာမှကိုမကျန်တာ။ ဆေးဖြန်းတာလည်း ၂ ကြိမ်ရှိတဲ့သူနဲ့ ၃ ကြိမ်ရှိတဲ့သူနဲ့ဖြစ်နေပြီ။ ရွှေခရုကပျောက်သွားခဏပဲဖြစ်နေတာ။ ''လို့ ဧရာဝတီတိုင်းကစိုက် ပျိုးရေးလုပ်ငန်းရှင်များအဖွဲ့ဝင်တယောက်က ပြောပါတယ်။
ဧရာဝတီတိုင်းက တောင်သူတွေဟာ အခုနှစ် မိုးသီးနှံစိုက်ပျိုးတဲ့ ရာသီမှာ စပါးစိုက်ပျိုးစရိတ်တွေကုန်ကျမှုများလွန်းတာကြောင့် မနည်းအရင်းရှာဖွေစိုက်ပျိုးခဲ့ရတာဖြစ်ပြီး အခုလို စပါးအပင်ဖျက်ရွှေခရုတွေကျရောက်ဖျက်ဆီးတာကို ကာကွယ်နှိမ့်နင်းဖို့တောင်သူတွေအနေနဲ့ ငွေကြေးအလုံအလောက်မသုံးစွဲနိုင်တဲ့အတွက် အခက်အခဲတွေနဲ့ကြုံနေရတယ်လို့ ဒေသခံဆီကသိရပါတယ်။
''ရေကြီးပြီး ပြန်ကျတဲ့အနေအထားမှာ ရွှေခရုကျတဲ့ဒဏ် တော်တော်ထိနာတာ။ ပိုးသတ်ဆေး၊ခရုသတ်ဆေးတွေကလည်း ဘယ်လောက်သုံးသုံးမစွမ်းတော့ဘူး။ ဆေးထပ်ဝယ်ဖို့ အသုံးလည်းစရိတ်မတတ်နိုင်တော့ဘူး။ စိုက်ပျိုးစရိတ်ရှိလို့ စိုက်မယ်ဆိုရင်တောင် နောက်တော်တော်ကျနေပြီ။''လို့ မအူပင်မြို့နယ်က ဒေသခံတယောက်ကပြောပါတယ်။
မြန်မာနိုင်ငံမှာ ဧရာဝတီတိုင်းဟာ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကို အဓိက လုပ်ကိုင်တဲ့ တိုင်းတခုဖြစ်ပြီး စပါး စိုက်ပျိုးရေး လုပ်ငန်းကို အဓိကအများဆုံး စိုက်ပျိုးလုပ်ကိုင်ကာ လွန်ခဲ့တဲ့ ၅နှစ်က မိုးစပါးဧက ၄ ဒသမ ၇ သန်းကျော်နဲ့ ဧက နွေစပါး ၂ ဒသမ ၄ သန်းကျော်ကို နှစ်စဉ်စိုက်ပျိုး ထုတ်လုပ်ခဲ့တယ်လို့ သက်ဆိုင်ရာက စာရင်းတွေအရ သိရပါတယ်။
နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ၄ နှစ်ကျော်အတွင်း ဧရာဝတီတိုင်းမှာစပါး စိုက်ပျိုးရာမှာ အသုံးပြုရတဲ့ သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ထုံးနဲ့ ဒီဇယ်ဈေးတွေ ၃ ဆကျော် မြင့်တက်လာလို့ လယ်သမားတွေဟာ အရင်လိုပိုးသတ် ဆေးနဲ့ ပေါင်းသတ်ဆေးတွေကို အပြည့်အဝ မသုံးနိုင်တော့ဘူးလို့ တောင်သူတွေကဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ကလည်း ဧရာဝတီတိုင်းမှာ မိုးစပါးစိုက်ပျိုးရာသီက ရွှေခရုတွေကျရောက်လို့ တောင်သူတွေရဲ့စပါးဧက ၄၀၀၀၀ ကျော်လောက် လုံးဝပျက်စီးခဲ့ရသေးတယ်လို့ သိရပါတယ်။
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး
