တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲကို လုံခြုံရေးအစီအမံတွေနဲ့ ရှစ်ရက်ကြာ ကျင်းပမယ်
စက်တင်ဘာ ၁၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့မှာ နှစ်စဥ် ကျင်းပနေကျဖြစ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို လုံခြုံရေးအစီအမံတွေနဲ့ အဆိုပါမြို့ရဲ့ အဝေရာမီးပုံးပျံကွင်းမှာ ရှစ်ရက်ကြာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဆိုပါ ပွဲတော်ကို လာမယ့် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး နေ့လွှတ် အရုပ်ပြိုင်ပွဲ အရုပ်ခြေ နှစ်ချောင်း၊ အရုပ်ခြေ လေးချောင်း အရုပ်အုပ်စုတွေအပြင် ညလွှတ်ပြိုင်ပွဲမှာ ညမီးကြီးမီးပုံးပျံ စိန်နားပန်မီးပုံးပျံတို့ကို ပြုလုပ်သွားမှာဖြစ်ကာ လက်ရှိမှာ ပွဲတော်အတွက် ဈေးပြိုင်လေလံကိုလည်း စတင် ခေါ်ယူနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
“လက်ရှိမှာ ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ မီးပုံးပျံတွေလည်း လုပ်နေကြပြီ။ မီးပုံးပျံအရေအတွက်နဲ့ ပွဲစဉ်ဇယားတွေကတော့ ရက်နီးမှ ထပ်ပြီး ထုတ်ပြန် ကြေညာပေးသွားမှာပါ။ လုံခြုံရေးအတွက်ကလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက စီမံ ဆောင်ရွက်ထားပြီးသားပါ။ ကျွန်တော်တို့ ဒီ ရှမ်းပြည်နယ်တောင်ပိုင်းက အေးချမ်းနေတဲ့ နေရာဒေသ ဖြစ်တဲ့အတွက် ဒီပြဿနာနဲ့ ပတ်သက်ပြီး တအားကြီး ပူစရာတော့ မလိုပါဘူး။ လုံခြုံရေးကတော့ အမြို့မြို့ အနယ်နယ်တိုင်းမှာတော့ အကုန်လုံးက ဆောင်ရွက်ထားပြီးသားပါ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ပွဲတော်အတွက် စျေးဆိုင်ခန်းတွေအပြင် ပျံကျစျေးနဲ့ လက်ပွေ့ စျေးသည်တွေလုပ်ငန်း၊ ချားရဟတ်ကွင်း၊ ကလေး ကစားကွင်းနဲ့ ပျော့ပျော့အိအိ ကစားကွင်းလုပ်ငန်း၊ ယာဉ်ရပ်နားစခန်းလုပ်ငန်း၊ သန့်စင်ခန်း လုပ်ငန်း စတဲ့ လုပ်ငန်း လေးမျိုးကို ဈေးပြိုင်လေလံ ခေါ်ယူထားတယ်လို့ သိရပါတယ်။
အဆိုပါ လေလံ လျှောက်လွှာတွေကို အခု စက်တင်ဘာလ ၁၀ ရက်နေ့ကနေ စတင် ရောင်းချနေပြီဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်နေ့မှာ လျှောက်လွှာ ပိတ်မှာဖြစ်ကာ လေလံဖွင့်မယ့် နေ့ကတော့ စက်တင်ဘာ ၂၆ ရက်နေ့ ဖြစ်တယ်လို့ သိရပါတယ်။
လေလံလျှောက်လွှာ ရောင်းချမယ့်နေရာနဲ့ လေလံတင်သွင်းရမယ့် နေရာကတော့ ဘဏ္ဍာငွေကြီးကြပ်ရေး လုပ်ငန်းကော်မတီရုံးနဲ့ ရှမ်းပြည်နယ် အခွန်ဦးစီးဌာနမှူး ရုံးဖြစ်ပြီး လေလံဖွင့်မယ့် နေရာကတော့ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် မီးပုံးပျံပွဲမှာ နာမည်ကြီး အဆိုတော်တွေနဲ့ ရှိုးပွဲတခုကိုလည်း ကျင်းပသွားမှာဖြစ်ကာ လက်မှတ်တစောင်ကို ငွေကျပ် ငါးသောင်းနဲ့ စတင် ရောင်းချနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
“ဈေးဆိုင်ခန်းတွေ ပွဲခင်းဈေး လေလံပစ်တာကတော့ ခါတိုင်းနှစ်လိုပါပဲ။ စတိတ်ရှိုးပွဲကတော့ ကန်ထရိုက်တွေပဲ လုပ်မလား၊ အစိုးက ဦးစီးပြီးတော့ပဲ လုပ်မလား မပြောတတ်သေးဘူးပေါ့။ ဒါပေမယ့် တန်ဆောင်တိုင်မရောက်ခင် သီတင်းကျွတ်မှာတော့ အဝေရာ မီးပုံးပျံကွင်းမှာတော့ ပုဂ္ဂလိက ကလုပ်တဲ့ စတိတ်ရှိုးပွဲကြီးတွေကတော့ ရှိတယ်။ သီတင်းကျွတ် ဈေးရောင်းပွဲတော်ပေါ့” လို့ ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲအတွက် ညောင်ရွှေ၊ ပင်းတယ၊ ဟိုပုံးနဲ့ တခြားသော ဒေသမှ မီးပုံးပျံ ဝါသနာရှင်တွေလည်း လာရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် လက်ရှိမှာ အဆိုပါ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကမ္ဘာ့အမွေအနှစ် ယူနက်စကို (UNESCO) စားရင်းဝင် တင်သွင်းနိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ သိရပါတယ်။
“ဒီတန်ဆောင်တိုင် ပွဲတော်ကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် တင်သွင်းဖို့ကတော့ အစိုးရကတော့ စီမံ ဆောင်ရွက်နေတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မီးပုံးပျံအပြင် အရှေ့မှာကတော့ မြန်မာ့သင်္ကြန်က ယူနက်စကို သတ်မှတ်ပြီးပြီ။ ခု မြန်မာ့သနပ်ခါးပေါ့။ သူ့အလှည့်ကျစီ လာမှာပေါ့။ ကျွန်တော်တို့ မီးပုံးပျံကတော့ နံပါတ် ၃/၄ လောက်မှာဆိုတော့ တနှစ်မဟုတ် တနှစ်မှာတော့ ပါလာမှာပေါ့။ အဲဒီလိုမျိုးလေးတော့ ကြားသိထားပါတယ်” လို့ သူက ပြောပါတယ်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၁၂ ခုနှစ်၊ ခရစ်နှစ် ၁၉၅၀ ပြည့်နှစ်မှစ၍ ပြိုင်ပွဲအဖြစ် ကျင်းပလာခြင်းဖြစ်ပြီး မီးပုံပျံပွဲတော်မှာ နေ့မီးနဲ့ ညမီးဆိုပြီး နှစ်မျိုးခွဲကာ ပြိုင်ပွဲတွေ ကျင်းပလေ့ရှိတယ်လို့ သိရပါတယ်။
နေ့ပိုင်း အလှလွှတ် မီးပုံးပျံတွေဟာ အများအားဖြင့် တိရစ္ဆာန် ရုပ်ပုံတွေဖြစ်ပြီး ညလွှတ် မီးပုံပျံတွေမှာတော့ ညမီးကြီးနဲ့ စိန်နားပန် ဆိုပြီး နှစ်မျိုးရှိတယ်လို့ သိရပါတယ်။
ညမီးကြီးမှာ မီးပုံပျံအောက်ဆွဲမှာ ယမ်းခွေပါဝင်ပြီး မီးပုံပျံ ပျံတက်တဲ့ ကာလအတွင်း မီးရှူးမီးပန်းတွေ ပစ်လွှတ်ကာ ညမြင်ကွင်းကို အလှဆင်ကြတယ်လို့ သိရပါတယ်။
စိန်နားပန်ကတော့ မီးပုံပျံအပြင် ကိုယ်ထည်ပေါ်နဲ့ အောက်ဆွဲမှာ မီးပုံးအရောင် အမျိုးမျိုးနဲ့ ရုပ်ပုံတွေသော်လည်းကောင်း၊ စာလုံးတွေသော်လည်းကောင်း ပုံဖော်ကာ လွှတ်တင်ကြတဲ့ မီးပုံပျံအမျိုးအစား ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ မီးပုံးပျံပွဲတော်ကို ကိုဗစ် - ၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်ကစပြီး သုံးနှစ်ကြာ ရပ်နားထားခဲ့ရာမှ ၂၀၂၃ ခုနှစ်မှာ ပြန်လည် ကျင်းပခဲ့တာဖြစ်ပြီး အခု ၂၀၂၅ ခုနှစ်မှာတော့ (၈၄) ကြိမ်မြောက် ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ကျင်းပခဲ့တဲ့ မီးပုံးပျံပွဲတော်မှာ ညမီးကြီး မီးပုံးပျံ ၂၆ လုံး၊ စိန်နားပန်မီးပုံးပျံ ၂၄ လုံးနဲ့ နေ့လွှတ် မီးပုံးပျံ ၁၀၀ ကျော်ကို လွှတ်တင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရှမ်းပြည်နယ်အစိုးရဟာ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်အပြင် အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကိုလည်း လာမယ့် စက်တင်ဘာ ၂၂ ရက်နေ့မှာ စတင်ကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်း
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး
