❝မိတ္တီလာက လက်ဖက်ရည်ဆိုင်မှာ အကြော်ဆရာနှစ်ဦး စကားများရန်ဖြစ်ရာကနေ ဓါးထိုးမှုဖြစ်လို့ တစ်ဦးသေဆုံး❞

စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၊ ရတနာမာန်အောင်ရပ်ကွက်၊ နယ်မြေ(၅)မှာရှ်ိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အကြော်ဆရာနှစ်ဦး စမူဆာဗန်းကို အပြန်အလှန်ဆွဲယူရင်း စကားများရန်ဖြစ်ကြရာကနေ ဓါးထိုးမှုဖြစ်လို့ တစ်ဦးသေဆုံးသွားတဲ့ဖြစ်စဥ်တစ်ခု ဒီကနေ့ စက်တင်ဘာ ၁၁ ရက်နေ့လယ် ၂ နာရီ ၅၀ မိနစ်အချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်အတွင်း သေဆုံးသွားတဲ့ အကြော်ဆရာက အသက် (၁၇) နှစ်အရွယ် မောင်ထွေး(ခ)ပျော်ဘွယ် ဆိုသူဖြစ်တယ်လို့ သိရပြီး အသစ်ရောက်လာတဲ့ အသက် (၃၇)နှစ်အရွယ် အကြော်ဆရာ မောင်လင်း(ခ)အလီ ဆိုသူက မုန့်လုပ်ရာမှာအသုံးပြုတဲ့ မီးဖိုဆောင်သုံးဓားနဲ့ ထိုးခဲ့တာလို့ ဆိုပါတယ်။

အဲဒီ ဓါးထိုးမှုကြောင့် မောင်ထွေး(ခ)ပျော်ဘွယ် ဆိုသူမှာ ဝဲပုခုံးညှပ်ရိုးကြားထိုးသွင်းဒဏ်ရာ၊ ယာဘက်ရင်အုံပွန်းခြစ်ဒဏ်ရာ‌တွေ ရရှိခဲ့လို့ ဟိန္ဒူမျိုးဆက်သစ်လူမှုကူညီရေးအသင်းယာဥ်နဲ့ မိတ္တီလာပြည်သူဆေးရုံကြီးဆီ ပို့ဆောင်‌ပေးခဲ့ပေမယ့် ဆေးကုသမှုခံယူနေစဥ် ညနေ(၅)နာရီကျော်အချိန်မှာပဲ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

ဒါကြောင့်မို့လို့ မောင်လင်း(ခ)အလီ ဆိုသူကို မြို့မရဲစခန်းက (ပ)၁၉၃/၂၀၂၅ နဲ့ ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ အမှုဖွင့်အရေးယူဖမ်းဆီးစစ်ဆေးနေရာကနေ ပုဒ်မ ၃ဝ၂ ကို ပြောင်းလဲဖွင့်လှစ်ပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

#centralnewsnaypyitaw

image