❝ဘိလပ်မြေထုတ်လုပ်မှုနည်းပညာများကို အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားပေးနိုင်ရေး ဆွေးနွေးလျက်ရှိဟုဆို❞
စက်တင်ဘာ ၁၀
ဘိလပ်မြေထုတ်လုပ်မှုနည်းပညာများ တိုးတက်ပြန့်ပွားစေရေးအတွက် နည်းပညာတက္ကသိုလ်၊ နည်းပညာကောလိပ် စသည့်အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများတွင် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားပေးနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
စက်တင်ဘာ ၉ ရက်၊ နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်း ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၅)အတွင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ဘိလပ်မြေစက်ရုံများအနေဖြင့် ကျောင်းသား ကျောင်းသူများ လက်တွေ့လာရောက် ကွင်းဆင်းရာတွင် လက်ခံဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိရမည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
အလားတူ ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်ရှစ်ခုတို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့မည့် ဘိလပ်မြေအိတ် ၅ ဒသမ ၃၄ သန်းကို ဖြန့်ဝေနိုင်ရန် ဘိလပ်မြေထုတ်လုပ်သူများအသင်းနှင့် ညှိနှိုင်းရရှိပြီးဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
ထို့ပြင် ဘိလပ်မြေထုတ်လုပ်သူများအသင်းအနေဖြင့် ဘိလပ်မြေထုတ်လုပ်မှုနှင့် ဆက်စပ်လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့သလို စက်မှုဝန်ကြီးဌာနအနေဖြင့် ဘိလပ်မြေထုတ်လုပ်မှုနည်းပညာများနှင့် ပတ်သက်၍ လိုအပ်ချက်များရှိပါက ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်ဟု သိရသည်။
#centralnewsnaypyitaw
