20 ပတ် - ဘာသာပြန်ပါ။

ဘန်ကောက်နှင့် စမွတ်ပရာကန်တွင် ခွေးရူးပြန်ရောဂါ ပျံ့နှံ့
ဧရာဝတီ၊ စက်တင်ဘာ ၁၀၊ ၂၀၂၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Prawet ခရိုင် Nong Bon ခရိုင်ခွဲ၌ ခွေးရူးပြန်ရောဂါဖြစ်ပွားမှု တွေ့ရှိပြီးနောက် ဘန်ကောက်နှင့် စမွတ်ပရာကန် နေရာအချို့တွင် ခွေး၊ ကြောင်နှင့် အခြားနို့တိုက်သတ္တဝါများ သွားလာလှုပ်ရှားမှုကို ရက် ၃၀ ကြာ ပိတ်ပင်လိုက်ပြီး ယာယီကူးစက်ရောဂါဇုန်အဖြစ် မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အရေးပေါ်ကြေညာထားသည်။
အဆိုပါအမိန့်သည် စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာလ ၈ ရက်အထိ အသက်ဝင်မည်ဖြစ်ပြီး ရောဂါသည် လူ၊ ခွေး၊ ကြောင်၊ နွား၊ ကျွဲနှင့် အခြားနို့တိုက်သတ္တဝါများသို့ ကူးစက်နိုင်သည့် ပြင်းထန်သော ခြိမ်းခြောက်မှုတခုအဖြစ် သတ်မှတ်ထားသည်။
ခွေး၊ ကြောင် အသေကောင်များကို တိရစ္ဆာန်ဆေးကုဆရာဝန်ထံမှ စာဖြင့် ရေးသားခွင့်ပြုချက် မရှိဘဲ ကြေညာထားသည့် ဧရိယာအတွင်း သို့မဟုတ် အပြင်သို့ ရွှေ့ပြောင်း၍မရကြောင်း ညွှန်ကြားထားသည်။
ထို့ပြင် ပိုင်ရှင်အနေဖြင့် ဖျားနာနေသောတိရစ္ဆာန်များကို အာဏာပိုင်များထံ ၁၂ နာရီအတွင်း သတင်းပို့ရန်၊ ယင်း တိရစ္ဆာန်သေဆုံးခဲ့ပါက သေဆုံးသည့်နေရာတွင် ဆက်လက်ရှိနေရန်လည်း ညွှန်ကြားထားသည်။
တိရစ္ဆာန်ပိုင်ရှင်များအနေဖြင့် ထုတ်ပြန်သော အမိန့်အားလုံးကို တင်းတင်းကျပ်ကျပ် လိုက်နာရမည်ဖြစ်ကာ ပြဋ္ဌာန်းချက် သို့မဟုတ် အမိန့်ကို ဖောက်ဖျက်ကျူးလွန်သူ သို့မဟုတ် လိုက်နာရန် ပျက်ကွက်သူ မည်သူမဆို ဘတ်ငွေ ၄၀၀၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဟု ဆိုထားသည်။
ထို့ပြင် သတ်မှတ်ထားသော ဇုန်များနှင့် ငါးကီလိုမီတာအကွာအဝေးအတွင်း နေထိုင်သူများ၊ အနီးတဝိုက်ရှိ ဒေသခံများ အနေဖြင့် လေလွင့်တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။
ပုံစာ-ဖူးခက်တွင် တွေ့ရသော လမ်းဘေးခွေးများ

image