ကာတာရှိ ဟားမတ်စ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး အစ္စရေး လေကြောင်းတိုက်ခိုက်
ဒိုဟာ၊ စက်တင်ဘာ-၁၀-၂၀၂၅
ရတီ(VOM)
အစ္စရေးဟာ ကာတာနိုင်ငံမှာ ဟားမတ်စ်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ငါးယောက်သေဆုံးခဲ့တယ်လို့ ဟားမတ်စ်တို့က ပြောပါတယ်။ ဒါပေမယ့် ထိပ်တန်းခေါင်းဆောင်တွေကတော့ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုဟာ အစ္စရေးအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တာလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ ဟားမတ်စ်ခေါင်းဆောင်တွေကို တိကျတဲ့ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဟားမတ်စ်ရဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးမှူး Khalil al-Hayya ကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဟားမတ်စ်ကတော့ ကိုယ်စားလှယ်အဖွဲ့ဝင်အားလုံး ဘေးကင်းတယ်လို့ ဆိုပေမယ့် al-Hayya ရဲ့သားအပါအဝင် အခြားငါးယောက် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
နေတန်ယာဟုကတော့ အကြမ်းဖက်ခေါင်းဆောင်တွေအတွက် နောက်ဆုံးနေ့တွေရောက်လာပြီ လို့ ပြောကြားခဲ့ပြီး ဂျေရုဆလင်မှာ တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ လူခြောက်ယောက်သေဆုံးတဲ့ ပစ်ခတ်မှုကို တုံ့ပြန်တာဖြစ်တယ်လို့ ပြောပါတယ်။
ကာတာအာဏာပိုင်တွေဟာ ဂါဇာစစ်ပွဲအဆုံးသတ်ရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်ပြီး ကာတာနိုင်ငံသားတွေနဲ့ နေထိုင်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာလို့ ဆိုပါတယ်။
Ref:NHK
Photo:Reuters

image
image
image