ရခိုင်နဲ့ ဧရာဝတီအစပ်ကကျေးရွာတွေမှာ စားနပ်ရိက္ခာ အကျပ်အတည်း ပိုဆိုးလာ
စက်တင်ဘာ ၁၀
ရခိုင်နဲ့ ဧရာဝတီအစပ်က ကျေးရွာတွေမှာစားနပ်ရိက္ခာဝယ်မရဖြစ်နေလို့ ဒေသခံတွေအနေနဲ့ အခက်ကြုံနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။
"ရွာထဲကစျေးဆိုင်တွေမှာတောင်ဘာမှဝယ်လို့ရဘူး။ဈေးသည်တွေလည်းအရင်လိုရွာကိုလာမရောင်းကြတော့ဘူး။ရွာမှာရှိတဲ့ဟာလေးတွေနဲ့လက်ကျန်လေးတွေပဲချွေစားနေရတယ်။အဆင်ပြေသလိုလေးပဲစားနေရတယ်။မြို့ပေါ်သွားပြန်ရင်လည်းဆိုင်ကယ်တွေတအားဖမ်းနေလို့ဘယ်သူမှမသွားရဲကြဘူး"လို့ ရခိုင်နဲ့ ဧရာဝတီအစပ်ကကျေးရွာတခုမှာနေထိုင်တဲ့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိအချိန်ကာလအထိ ရခိုင်နဲ့ ဧရာဝတီအစပ်ကကျေးရွာတွေမှာလက်နက်ကြီးသံ တွေတချက်တချက်ကြားနေရသေးလို့ ဒေသခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြရသလို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေဟာလည်းကောင်းမွန်ခြင်းမရှိဘူးလို့ အဲဒီဒေသမှာနေထိုင်တဲ့ဒေသခံတွေက ပြောပါတယ်။
"လက်နက်ကြီးသံတွေကကြားနေရတုန်းပဲ။တနေ့မနက်ကတောင်ကြား လိုက်ရသေးတယ်၊အသံအကျယ်ကြီးပဲ"လို့ ဒေသခံတယောက်က ဆက်ပြီးပြောပြပါတယ်။
ဒါအပြင်ရခိုင်နဲ့ ဧရာဝတီအစပ်ကကျေးရွာအချို့ဟာ တိုက်ပွဲတွေကြောင့် အချို့သောရွာတွေက မိသားစုအချို့ဟာ စစ်ရှောင်သွားကြပြီးအဲဒီလိုစစ်ဘေးရှောင်နေချိန်မှာကျေးရွာအတွင်းကနေအိမ်တွေကိုသူခိုးဝင်ခိုးတဲ့ဖြစ် စဉ်တွေကိုလည်းဒေသခံတွေကကြုံတွေ့နေရလို့အခက်တွေ့ရတယ်လို့ ဆိုပြန်ပါတယ်။
"တိုက်ပွဲတွေကတမျိုး၊ဒီကြားထဲသူခိုးကတမျိုး၊သူခိုးတက်တာအကုန်ပါသွားတယ်။ထမင်း၊ဟင်းချက်ဖို့ပေါင်းအိုးတွေဟင်းချက်တဲ့အိုးခွက်တွေကအစအကုန်ယူသွားတယ်။အတော်လေးစိတ်ညစ်ရတယ်"လို့ အဲဒီဒေသမှာနေထိုင်တဲ့ ဒေသခံတယောက်က ပြောပါတယ်။
ယခုနှစ်ပိုင်းကစလို့ ရခိုင်လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ AA နဲ့သူရဲ့မိတ်ဖက်တပ်တွေက ရခိုင်နဲ့ ဧရာဝတီအစပ်ကငါးသိုင်းချောင်း၊ရေကြည်၊လေးမျက်နှာ၊အင်္ဂပူ၊သာပေါင်းအစရှိတဲ့နေရာတွေမှာစစ်ရေးတိုက်ပွဲတွေကိုဖော်ဆောင်လာခဲ့တာဖြစ်ပါတယ်။
အဲဒါအပြင်ရခိုင်-ဧရာဝတီအစပ်ကျေးရွာတွေကဒေသခံပြည်သူအချို့အနေနဲ့ ငွေကြေးအခက်အခဲ၊စားဝတ်နေရေးအခက်အခဲကြောင့်တခြားမြို့ရွာတွေကိုသွားလာပြီးစစ်ဘေးရှောင်ဖို့ဆိုတာကလည်းအခက်အခဲတွေများစွာရှိနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
"ငွေမှမရှိတာပိုက်ဆံမရှိတော့လည်းအခြားနေရာ ဒေကိုသွားရှောင်ဖို့ဆိုတာခက်တယ်လေ၊ရွာမှာဒီလိုဖြစ်သလိုလေးပဲနေနေရတာပေါ့"လို့ ဒေသခံက တယောက်က ဆက်ပြီး ပြောပြပါတယ်။
ယခုနှစ်ဇွန်လအတွင်းမှာလည်းဧရာဝတီတိုင်းအတွင်းက လေးမျက်နှာမြို့နယ်၊ပုသိမ်-မုံရွာကားလမ်းတလျှောက်ရှိကျေးရွာတွေမှာလည်း နလအတပ်တွေနဲ့ AA အဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာတွေရှိတယ်လို့လည်း သိရပါတယ်။
သတင်းအချက်အလက်တွေအရ ရခိုင်လက် နက်အဖွဲ့တခုဖြစ်တဲ့ AA အဖွဲ့ဟာ ၂ဝ၂၃ ခုနှစ်၊နိုဝင်ဘာလ ၂၃ ရက်နေ့ကစလို့ သူတို့ရဲ့စစ်ရေးလှုပ်ရှားမှုတွေကို ရခိုင်ပြည် နယ်တဝှမ်းမှာဖော်ဆောင်လာခဲ့ပြီး ရခိုင်နဲ့ ဧရာဝတီအစပ်ကနယ်မြေအချို့ကိုပါစစ်ရေးနယ်နမိတ်တိုးချဲ့ဖော်ဆောင်လာခဲ့တာဖြစ်ပါတယ်။
အဲဒီလိုရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် ယခုနှစ်ပိုင်းတွေအတွင်းမှာ ရခိုင် ကနေ အခြားမြို့ရွာတွေကို စစ်ရှောင်ဘေးရှောင်လာကြသူတွေလည်းအများအပြားရှိနေ
သလို ရခိုင်မြို့ကြီးတွေအချို့မှာလည်းတိုက် ပွဲတွေနဲ့လမ်းပန်း ဆက်သွယ်ရေးအခက်အခဲတွေကြောင့် စားနပ်ရိက္ခာတွေပြတ်လပ်မှုတွေကိုဒေသခံတွေကကြုံတွေ့နေရတယ်လို့ သိရပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေအင်စတီကျု့(ISP-Myanmar) ကတော့ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည်တွေတိုးလာခဲ့ပြီး အခြားလက်နက်ကိုင်ပဋိပက္ခဖြစ် ပွားရာဒေသတွေထက် ရခိုင်မှာ စစ်ဘေးဒုက္ခသည် ၉၈ ရာခိုင်နှုန်းကျော်ရှိနေတယ်လို့ သူတို့ရဲ့လေ့လာမှုစစ်တမ်းတရပ်မှာဖော်ပြထားပါတယ်။
AA ဘက်ကတော့ လွန်ခဲ့တဲ့သုံးရက်ယခုစက်တင်ဘာလအတွင်းမှာ ရခိုင်ပြည်နယ် အပါအဝင် မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အစပ်၊ပဲခူးတိုင်းနဲ့နေရာအချို့နဲ့ ဧရာဝတီ တိုင်းနဲ့ရခိုင်ပြည်နယ်အစပ်တို့မှာတိုက်ပွဲတွေဖြစ်ပွားလျက်ရှိတယ်လို့ သတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။
Photo - CJ
ပုံစာ - ရခိုင်စစ်ဘေးရှောင်အချို့။
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး
