❝မလေးရှားရောက် မြန်မာနိုင်ငံသား ၄၀ ကျော် ထပ်မံဖမ်းဆီးခံရ❞
စက်တင်ဘာ ၉
မလေးရှားအာဏာပိုင်များက ၎င်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် နိုင်ငံသား ၂၇၄ ဦးနှင့် နိုင်ငံခြားသား ၆၀ ဦး၊ စုစုပေါင်း ၃၃၄ ဦးကို စစ်ဆေးခဲ့ရာမှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုအမျိုးမျိုးကို ကျူးလွန်ထားသည့် မြန်မာနိုင်ငံသား ၄၁ ဦးအပါအဝင် နိုင်ငံခြားသား ၅၅ ဦးကို ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မလေးရှားအာဏာပိုင်များသည် ဆလန်ဂေါ (Selangor)ပြည်နယ် ၊ ပူချုန်ရှိ အစားအသောက်ဆိုင်တန်းတစ်ခုကို စက်တင်ဘာလ ၈ ရက်၊ ညနေ ၆ နာရီခွဲမှ ၇ နာရီခွဲအထိ စီးနင်းရှာဖွေခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။
ဖမ်းဆီးထိန်းသိမ်းခဲ့သည့် နိုင်ငံခြားသား ၅၅ ဦးထဲတွင် မြန်မာနိုင်ငံသား ၄၁ ဦးအပြင် အင်ဒိုနီးရှားနိုင်ငံသား ၇ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၃ ဦးတို့ ဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် ဖမ်းဆီးထားသူများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် ဘီရာနန် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေး ဌာန-JIM ၏ ထုတ်ပြန်ထားမှုအရ သိရသည်။
#centralnewsnaypyitaw




