ထရမ့်က ဟားမာ့စ်အဖွဲ့ကို နောက်ဆုံးအကြိမ် သတိပေး

ဝါရှင်တန်၊ စက်တင်ဘာ ၉

ဂါဇာတွင် ဟားမာ့စ်တို့ ဖမ်းဆီးထားသည့် ဓားစာခံများအားလုံး ပြန်လည် လွတ်မြောက်စေရန်အတွက် ဂါဇာ သဘောတူညီချက်သည် မကြာမီ ရရှိတော့မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က စက်တင်ဘာ ၇ ရက်၌ ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထရမ့်က သူသည် ဟားမာ့စ်အဖွဲ့ကို နောက်ဆုံးအကြိမ် သတိပေးကြောင်း ကြေညာခဲ့ပြီးနောက် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထရမ့်သည် နယူးယောက်(New York)သို့ ယာယီသွားရောက်ခဲ့ပြီးနောက် စက်တင်ဘာ ၇ ရက်တွင် ဝါရှင်တန် (Washington) သို့ ပြန်လည်ရောက်ရှိလာချိန်၌ သတင်းထောက်များနှင့်တွေ့ဆုံပြီး ဂါဇာအရေးကို ပြောကြားခဲ့ သည်။

“ကောင်းမွန်တဲ့ ဖြေရှင်းနည်း တစ်ခုအတွက် ကျနော်တို့ လုပ်ဆောင်နေပါတယ်။ ဒီအကြောင်းကို ခင်ဗျားတို့ မကြာခင် ကြားရတော့မှာပါ။ ကျနော်တို့ ဓားစာခံတွေကို ပြန်ခေါ်ပြီး ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးစားနေပါတယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၇ ရက် အစောပိုင်းတွင် ထရမ့်က ၎င်း၏ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လက်ခံရန် ဟားမာ့စ် အဖွဲ့အား သတိပေးခဲ့သည်။

“အစ္စရေးကတော့ ကျနော့်ရဲ့ သတ်မှတ်ချက်တွေကို လက်ခံလိုက်ပါပြီ။ ဟားမာ့စ်အဖွဲ့ လက်ခံဖို့ပဲ ကျန်ပါတော့ တယ်။ လက်မခံဘူးဆိုရင်တော့ ဖြစ်လာမယ့် အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး ဟားမာ့စ်ကို ကျနော် သတိပေးခဲ့ ပါတယ်။ ဒါက နောက်ဆုံးအကြိမ် သတိပေးတာပါ။ နောက်တစ်ကြိမ်ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး” ဟု ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်၏ သတိပေးချက် ထွက်ပေါ်ခဲ့ပြီးနောက် ဟားမာ့စ်အဖွဲ့ကလည်း ၎င်းတို့သည် အမေရိကန်၏ အစီအစဉ် အချို့ကို လက်ခံကြောင်းနှင့် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဆွေးနွေးရန် နည်းလမ်းများကို ရှာဖွေမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဓားစာခံများကို ပြန်လွှတ်ရာတွင် အပြန်အလှန်အနေဖြင့် စစ်ပွဲကို အဆုံးသတ်ရန်၊ ဂါဇာမှ အစ္စရေးတပ်ဖွဲ့များ အလုံးစုံ ရုပ်သိမ်းသွားရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန် အသင့်ရှိကြောင်းလည်း ဟားမာ့စ်အဖွဲ့၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အဆိုပြုထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအရ ဟားမာ့စ်အဖွဲ့သည် ဖမ်းဆီးထားသော ဓားစာခံ ၄၈ ဦးစလုံးကို ပြန်လွှတ်ပေးရမည်ဖြစ်ပြီး အစ္စရေးဘက်ကလည်း ထောင်နှင့်ချီသည့် ပါလက်စတိုင်း အကျဉ်းသားများ ကို ပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း အစ္စရေး၏ N12 News ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

Source: ရိုက်တာ

ပုံ - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

Credit - Central News Independence News Agency

#centralnewsnaypyitaw

image