သင့်ရဲ့ ပေါက်ကရ အတွေး၊လမ်းညွှန် ချက်ကြောင့် တိလေးတွေ အသက်မဆုံးစေလို။
ကျွန်ုပ်တို့၏ နေ့စဉ်ဘဝထဲသို့ ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာနှင့် နှစ်သိမ့်မှုတို့ကို ယူဆောင်လာပေးသော အဖော်မွန်များမှာ အိမ်မွေးတိရစ္ဆာန်လေးများပင် ဖြစ်သည်။ သူတို့၏ သစ္စာရှိမှု၊ ဖြူစင်သော ခင်မင်မှုတို့သည် ကျွန်ုပ်တို့၏ နှလုံးသားကို နွေးထွေးစေပြီး မိသားစုဝင်တစ်ဦးသဖွယ် ဖြစ်စေပါသည်။ ဤမျှတန်ဖိုးထားရသော တိရစ္ဆာန်လေးများ ဖျားနာသည့်အခါ အကောင်းဆုံးသော စောင့်ရှောက်မှုကို ပေးအပ်လိုခြင်းသည် ပိုင်ရှင်တိုင်း၏ ဆန္ဒအမှန်ပင် ဖြစ်ပါသည်။
သို့သော်၊ ထိုစေတနာသည် တစ်ခါတစ်ရံတွင် အသိပညာဗဟုသုတနှင့် လွဲချော်သွားသောအခါ အလွန်ဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးများဖြင့် အဆုံးသတ်သွားတတ်ပါသည်။ "အရင်တစ်ခါ ဒီလိုဖြစ်တာ ဒီဆေးတိုက်လိုက်တာ ပျောက်သွားတာပဲ"၊ "လူတွေသောက်တဲ့ဆေးကို နည်းနည်းလေးပဲ တိုက်လိုက်ရင် ရမှာပါ"၊ "အွန်လိုင်းမှာတွေ့တဲ့ နည်းအတိုင်း လုပ်ကြည့်မယ်" ဟုသော အတွေးများသည် ချစ်စဖွယ် တိရစ္ဆာန်လေးများ၏ အသက်ကို နုတ်ယူသွားနိုင်သော အဆိပ် များ ဖြစ်လာနိုင်သည်ကို ကျွန်ုပ်တို့ မေ့လျော့နေတတ်ကြသည်။
စေတနာမှ အစပြုသော ဝမ်းနည်းဖွယ် ဇာတ်လမ်းတစ်ပုဒ်
"ကျနော့်ရဲ့ ကြောင်လေး 'ဖိုးဖြူ' က အစားလည်း မစား၊ ဆော့လည်းမဆော့ဘဲ ငြိမ်နေတာ သုံးရက်လောက်ရှိပြီ။ ကြောင်လေးတွေမှာ အဖြစ်များတဲ့ အအေးမိတာပဲ ဖြစ်မှာပါလို့ ကျနော်ထင်ခဲ့တယ်။ တိရစ္ဆာန်ဆေးခန်းသွားဖို့ကလည်း အလုပ်မအားတာနဲ့ အဆင်မပြေတော့ အိမ်မှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုဖို့ ဆုံးဖြတ်လိုက်တယ်။ လူတွေသောက်တဲ့ အကိုက်အခဲပျောက်ဆေးကို အနည်းငယ်ချိုးပြီး ရေနဲ့ဖျော်တိုက်လိုက်တယ်။ ပထမတစ်ရက်မှာတော့ နည်းနည်းလန်းလာသလိုလို ထင်ရတော့ ကျနော်လည်း စိတ်အေးသွားတယ်။
နောက်တစ်နေ့မနက်မှာတော့ 'ဖိုးဖြူ' တစ်ကိုယ်လုံးတောင့်တင်းပြီး တက်နေတာကို ထိတ်လန့်တကြား တွေ့လိုက်ရတယ်။ အသက်ကို မနည်းရှူနေရပြီး ပါးစပ်ကလည်း အမြှုပ်တွေထွက်နေပြီ။ အဲ့ဒီတော့မှ ကျနော်လည်း အပြေးအလွှား တိရစ္ဆာန်ဆေးကုဆရာဝန်ဆီ ပို့ဆောင်ခဲ့တယ်။ ဆရာဝန်က အရေးပေါ်အသက်ကယ်ဖို့ ကြိုးစားပေမယ့် နောက်ကျသွားခဲ့ပါပြီ။
ဆရာဝန်ရဲ့ စကားတွေက ကျနော့်ကို နောင်တတွေနဲ့ ရင်ထုမနာဖြစ်စေခဲ့တယ်။ 'လူတွေသောက်တဲ့ အကိုက်အခဲပျောက်ဆေးအချို့ဟာ ကြောင်တွေအတွက် လုံးဝမတည့်ပါဘူး။ သူတို့ရဲ့ ကျောက်ကပ်နဲ့ အသည်းကို ချက်ချင်းပျက်စီးစေနိုင်တဲ့ အဆိပ်အတောက်တွေပါပဲ။ ရောဂါကို တိတိကျကျမသိဘဲ မှန်းပြီးဆေးတိုက်လိုက်တာက သူ့အသက်ကို ကိုယ်တိုင်နုတ်ယူလိုက်တာနဲ့ အတူတူပါပဲ' တဲ့။ ကျနော့်ရဲ့ မသိနားမလည်မှုနဲ့ မှားယွင်းတဲ့ စေတနာကြောင့် 'ဖိုးဖြူ'လေး ကျနော့်လက်ပေါ်မှာပဲ အသက်ဆုံးရှုံးသွားခဲ့ရတယ်။"
အထက်ပါဖြစ်ရပ်သည် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခု ဖြစ်နိုင်သော်လည်း လက်တွေ့ဘဝတွင် နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသော အဖြစ်မှန်တစ်ခုဖြစ်သည်။
သင့်ရဲ့ပေါက်ကရ အတွေး၊အသိ၊လမ်းညွှန်ချက်ကြောင့် အသက်ဆုံးသွားတဲ့တိလေးတွေဘယ်နကောင်လောက်ရှိနေမလဲ တွေးကြည့်ပါ။
ကျွမ်းကျင်သူ တိရစ္ဆာန်ဆေးကုဆရာဝန်၏ အကူအညီသည် အဘယ်ကြောင့် မရှိမဖြစ်လိုအပ်သနည်း။
၁။ တိကျသော ရောဂါရှာဖွေမှု
တိရစ္ဆာန်များသည် သူတို့၏ ဝေဒနာကို လူကဲ့သို့ ဖွင့်ဟပြောဆိုနိုင်ခြင်းမရှိပါ။ တိရစ္ဆာန်ဆေးကုဆရာဝန်များသည် သူတို့၏ အထူးပြုပညာရပ်၊ အတွေ့အကြုံနဲ့ လက္ခဏာရပ် နှင့် ရောဂါရှာဖွေရေးကိရိယာများကို အသုံးပြု၍ ရောဂါကို တိကျစွာ ရှာဖွေဖော်ထုတ်နိုင်ကြသည်။
၂။ဆေးဝါးနှင့် ခန္ဓာကိုယ် တုံ့ပြန်မှု မတူညီခြင်း
လူအတွက် အကျိုးပြုသော ဆေးဝါးများသည် တိရစ္ဆာန်များအတွက် တိရစ္ဆာန်ဆေးကုဆရာဝန်လမ်းညွှန်ချက်မပါလျှင် အဆိပ်ဖြစ်စေနိုင်သည်။ မျိုးစိတ်၊ ကိုယ်အလေးချိန်၊ အသက်အရွယ်ပေါ်မူတည်၍ ဆေးအာနိသင်နှင့် ခန္ဓာကိုယ်၏ တုံ့ပြန်မှုမှာ လုံးဝကွဲပြားတယ်ဆိုတာ သင့်ပေါက်ကရအသိ၊အတွေးနဲ့မသိနိုင်။တိရစ္ဆာန်လေးတွေအကြောင်း တိရစ္ဆာန်ဆေးကုဆရာဝန်သာလျှင်နားလည်သည်။
၃။ဆေးပမာဏ၏ အရေးကြီးမှု
ဆေးပမာဏ အနည်းငယ်လွဲချော်သွားရုံဖြင့် ကုသမှုဖြစ်မည့်အစား အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါသည်။ ဆေးတစ်မျိုး၏ ပမာဏကို တိရစ္ဆာန်၏ ကိုယ်အလေးချိန်၊ မျိုးစိတ်နှင့် ကျန်းမာရေးအခြေအနေပေါ်မူတည်၍ တိကျစွာ တွက်ချက်ရန်လိုအပ်ပါသည်။
၄။ ဆေးယဉ်ပါးမှု အန္တရာယ်
ဆရာဝန်ညွှန်ကြားချက်မပါဘဲ ပဋိဇီဝဆေး (Antibiotics) များကို မိမိသဘောဖြင့် တိုက်ကျွေးခြင်းသည် ဆေးယဉ်ပါးမှုကို ဖြစ်စေပြီး နောက်တစ်ကြိမ် တကယ်လိုအပ်သည့်အခါ ယင်းဆေးများဖြင့် ကုသ၍မရတော့သည့် အခြေအနေကို ဖြစ်ပေါ်စေနိုင်သည်။
သင်၏မေတ္တာကို မှန်ကန်စွာအသုံးပြုပါ
မိမိတို့၏ အချစ်တော် တိရစ္ဆာန်လေးများအပေါ် ထားရှိသော မေတ္တာနှင့် စေတနာသည် အမှန်တကယ် ချီးကျူးဖွယ်ဖြစ်ပါသည်။ သို့သော် ထိုမေတ္တာကို အသိပညာဖြင့် ထိန်းချုပ်ရန် လိုအပ်ပါသည်။ တိရစ္ဆာန်လေးများ နေမကောင်းဖြစ်သည့်အခါ သို့မဟုတ် ပုံမှန်မဟုတ်သော လက္ခဏာများ ပြသသည့်အခါ မိမိသဘောဖြင့် ရမ်းသမ်းကုသခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါသည်။
အသေးအဖွဲဟု ထင်ရသော ကျန်းမာရေးပြဿနာသည် ကျွမ်းကျင်မှုမရှိသော ကုသမှုအောက်တွင် အသက်ဆုံးရှုံးသည်အထိ ကြီးမားသော ပြဿနာအဖြစ်သို့ ပြောင်းလဲသွားနိုင်ပါသည်။ သင်၏ ချစ်လှစွာသော တိရစ္ဆာန်လေး၏ အသက်ကို တန်ဖိုးထားပါက၊ သူတို့၏ ဝေဒနာကို သက်သာစေလိုပါက အနီးဆုံး တိရစ္ဆာန်ဆေးကုဆရာဝန်ထံ အမြန်ဆုံး သွားရောက်ပြသပြီး ကျွမ်းကျင်သော ကုသမှုကို ခံယူစေခြင်းသည်သာ အမှန်ကန်ဆုံးနှင့် အကောင်းဆုံးသော ချစ်ခြင်းမေတ္တာကို ပြသရာရောက်ပါသည်။ သို့မှသာ ကျွန်ုပ်တို့ကြောင့် အဖိုးတန်သော အသက်လေးများ အလဟဿ မဆုံးရှုံးရတော့မည် ဖြစ်ပါသည်။
·
