ဟင်္သာတမြို့လယ်ခေါင်က သွားဆေးခန်းမှာ ဆရာဝန်နဲ့ဇနီးကို ဆေးခန်းအတွင်းဝင်ရောက်သတ်ဖြတ်မှုဖြစ်

စက်တင်ဘာ ၉

ဧရာဝတီတိုင်း ၊ ဟင်္သာတမြို့လယ်ခေါင်ရှိ ပါဆယ်လမ်းမှာဖွင့်လှစ်ထားတဲ့ သွားဆေးခန်းတခုမှာ ဆေးခန်းပိုင်ရှင် သွားဆရာဝန် နဲ့ဇနီးဖြစ်သူတို့ ဓားနဲ့ထိုးသတ်ခံခဲ့ရပြီး နောက်ထပ်နှစ်​ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီလောက်မှာ အမည်မသိ အမျိုးသားတ​ယောက်က ဆေးခန်းကိုရောက်လာပြီးနောက် သွားဆရာဝန်ဖြစ်သူ ဒေါက်တာတင်မောင်ထွန်းနဲ့ ဇနီးဖြစ်သူဒေါ်ဇင်မီမီသက်တို့ကို ဓားနဲ့ထိုးသတ်ခဲ့သလို နောက်ထပ်မိသားစုဝင်တယောက်ဖြစ်တဲ့ အဘွားနဲ့ဆေးခန်းအကူအမျိုးသမီးကိုပါ ဓားနဲ့ထိုးတာကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

" ဆရာ့အမျိုးသမီးက နေရာမှာပဲ ပွဲချင်းပြီးသေတယ်။ ဆရာကတော့ ဆေးရုံရောက်တော့အသက်မရှိတော့ဘူး။ အဖွားက ပါးပါးလေးဘဲ ရှပ်ထိတာမို့လို့ မစိုးရိမ်ရသလို ကောင်မလေးက လည်းမစိုးရိမ်ရပါဘူး။ အဖွားက ဆရာ့အမျိုးသမီးရဲ့အမေပါ။ ဆရာတို့ အလောင်းကိုတော့ အိမ်ကိုပြန်သယ်ပြီး ထုံးစံတိုင်း သုံးရက်ထားပြီးမှ သဂြိုလ်မယ်လို့တော့သိရတယ်။အနုကြမ်းစီးတာလား ဘာလားတော့သေချာမသိပေမယ့် ဘာပစ္စည်းမှတော့ယူမသွားဘူးလို့သိရတယ်။ဆရာကြီးတို့မိသားစုကသဘောကောင်းတဲ့မိသားစုပါ။အရမ်းနှမြောစရာကောင်းသလို စိတ်မကောင်းဖြစ်ရပါတယ်။" လို့ ဖြစ်စဥ်သိရှိတဲ့ ဒေသခံကပြောပါတယ်။

လက်ရှိမှာ သွားဆရာဝန်ဇနီး​ေမာင်နှံကို သတ်သွားတဲ့ ကျူးလွန်သူ အမျိုးသားကို ဖမ်းဆီး ရမိခြင်းမရှိသေးကြောင်း ၊ ကျူးလွန်သူအမျိုးသားက ဆိုင်ကယ်နဲ့ တယောက်ထဲရောက်လာပြီး သတ်ဖြတ်သွားတာဖြစ်တယ်လို့ ကနဦးသိရပါတယ်။

" တယောက်ထဲလာသတ်သွားတာဆိုတော့ ဘယ်လိုစိတ်နဲ့လုပ်လဲတွေးမရဘူး။ ပါဆယ်လမ်းဆိုတာ လမ်းမကြီးပဲ။မြို့လယ်ခေါင်လူစည်ကားတဲ့လမ်းမှာဖြစ်တာဆိုတော့ ကြောက်စရာကောင်းနေပြီ။ဆေးခန်းနဲ့မျက်နာချင်းဆိုင်မှာလ္ဘက်ရည်ဆိုင်လည်းရှိတယ်။ တရားခံက သိပ်မကြာခင်မိမယ်ထင်ပါတယ်။ " လို့ ဒေသခံတယောက်ကပြောပါတယ်။

သွားဆေးခန်းအတွင်း လူသတ်မှုဖြစ်ပွားချိန်က ဆေးခန်းဖွင့်ချိန်ဖြစ်တာကြာင့် အခြားလူနာတချို့လည်းရှိကြောင်း ၊ လူသတ်မှုကျူးလွန်သူဟာ အသားဖြူဖြူ၊ မျက်နာသွယ်သွယ်နဲ့ လူရည်သန့်ပုံစံမျိုးဖြစ်တယ်လို့ ကနဦးသိရပါတယ်။

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image